
လီဗာပူးလ်အသင်းသည် လိဂ်ဖလား(Carabao Cup) ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် စပါးအသင်းကို အနိုင်ရပြီးနောက် ဗိုလ်လုပွဲသို့ (၂) နှစ်ဆက်နှင့် (၁၅) ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။
လီဗာပူးလ်အသင်းသည် ကြာသပတေးနေ့ည ကစားခဲ့သည့် လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် အိမ်ကွင်း၌ စပါးအသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း (၄-၁) ဂိုးဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကလည်း လိဂ်ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲထားရာ ဗိုလ်လုပွဲသို့ (၂) နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့သလို၊ ပြိုင်ပွဲသမိုင်းတွင် (၁၅) ကြိမ်ဖြင့် ဗိုလ်လုပွဲတက်ရောက်မှုအများဆုံးစံချိန်ကိုလည်း ထပ်မံတိုးချဲ့နိုင်ခဲ့သည်။
လီဗာပူးလ်အသင်းကို စတင်ကိုင်တွယ်သည့် ပထမဆုံးရာသီမှာပင် လိဂ်ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း စပါးအသင်းနှင့်ပွဲအပြီးတွင် အသင်းနည်းပြ အာနယ်ဆလော့က ပြောကြားခဲ့သည်။
အာနယ်ဆလော့က "ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရတာ အမြဲတမ်းကောင်းပါတယ်။ ကျွန်တော့်အတွက်ရော၊ ကလပ်အသင်းအတွက်ရောပေါ့။ ကျွန်တော်တို့အနေနဲ့ နေ့စဉ်နေ့တိုင်း တိုးတက်ဖို့ ကြိုးစားနေပါတယ်။ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပေမဲ့ ကျွန်တော်တို့ အလုပ်က မပြီးသေးပါဘူး။ ဗိုလ်လုပွဲမှာလည်း အခုလိုမျိုး အကောင်းဆုံး ကစားနိုင်ဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် လိဂ်ဖလားပြိုင်ပွဲတွင် (၁၀) ကြိမ်အထိ ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ လီဗာပူးလ်အသင်းသည် လိဂ်ဖလားဗိုလ်လုပွဲတွင် နယူးကာဆယ်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။
နယူးကာဆယ်အသင်းမှာမူ လိဂ်ဖလား ဗိုလ်လုပွဲသို့ တတိယအကြိမ်မြောက် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခင်ဗိုလ်လုပွဲ (၂) ကြိမ်စလုံး ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
နယူးကာဆယ်နှင့် လီဗာပူးလ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည့် ၂၀၂၄-၂၅ ရာသီ လိဂ်ဖလားဗိုလ်လုပွဲကို မတ်လ (၁၆) ရက်နေ့တွင် ဝင်ဘလေကွင်း၌ ကစားမည်ဖြစ်သည်။