Eleven Media Group

■ FA ဖလား စတုတ္ထအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: AFP

လေတန် - မန်စီးတီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၆:၄၅ နာရီ)
လေတန်က ရလဒ်ကောင်းတွေ ရနေတယ်ဆိုပေမယ့် လိဂ်-၁ အဆင့်အတန်းမှာဖြစ်လို့ သိပ်တော့ အားရစရာမရှိဘူး။ မန်စီးတီးအသင်းနဲ့ အဆင့်အတန်းချင်းကွာဟတယ်။ အာဆင်နယ်ကို ဂိုးပြတ်ရှုံးပြီးနောက် ပထမဆုံးပြန်ကစားရမယ့်ပွဲမှာ မန်စီးတီး ဘယ်လောက် ပြန်ပေါက်ကွဲမလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲကစားရတော့မှာဖြစ်လို့ အရန်ကစားသမားတွေနဲ့ပဲ မန်စီးတီး ပွဲထွက် လာမှာဖြစ်တယ်။ မန်စီးတီးပဲ ဂိုးပြတ်သွင်းနိုင်တယ်။

ကိုဗင်ထရီ - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၃၀ နာရီ)
ကိုဗင်ထရီက လိဂ်ချန်ပီယံရှစ်မှာ အဆင့် (၁၁) နေရာအထိ ရောက်နေပေမယ့် နောက်ဆုံးကစားခဲ့တဲ့ လိဂ်ချန်ပီယံရှစ် (၄) ပွဲ ဆက်တိုက်နိုင်ပွဲရထားတာကိုတွေ့ရတယ်။ FA ဖလား တတိယအဆင့်မှာတော့ ရှက်ဖီးဝင်းစ်ဒေးကို ကျော်ဖြတ်ပြီး တက်လာခဲ့တယ်။ အစ်ဝစ်ချ်တောင်းက ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့အသင်းပါ။ ဒါပေမဲ့ ကိုဗင်ထရီအတွက် ခက်ခဲမယ့် ကစားသမားစုဖွဲ့မှု အင်အားရှိနေတယ်။ အစ်ဝစ်ချ် တောင်းပဲ နိုင်မယ်။


ဝီဂန် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၃၀ နာရီ)
ဝီဂန်က လိဂ်-၁ မှာတောင် အဆင့် (၁၆) နေရာအထိ ရောက်ရှိနေတဲ့ အသင်းဖြစ်တယ်။ ရလဒ်တွေက အခုနောက်ပိုင်းမှာ နည်းနည်းတိုးတက်လာပေမယ့် အကောင်းဆုံး ခြေစွမ်းမှာတော့ ရှိမနေဘူး။ ဒီနှစ်သင်းက ၂၀၂၀ တုန်းက လိဂ်ချန်ပီယံရှစ်မှာ နောက်ဆုံးကစားခဲ့ပြီး အဲ့ဒီအချိန်က (၁-၁) သရေကျခဲ့ဖူးတယ်။ အခုအချိန်မှာတော့ ဖူလ်ဟမ်က ပရီးမီးယားလိဂ်မှာတောင် ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ကစားပြနိုင်တဲ ့အဆင့်ကို ရောက်နေပါပြီ။ လက်ရှိခြေစွမ်းက တော်တော်လေးကွာခြားနေတယ်။ ဖူလ်ဟမ်ပဲ နိုင်လိမ့်မယ်။


အဲဗာတန် - ဘုန်းမောက် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၃၀ နာရီ)
ပရီးမီးယားလိဂ် အသင်းအချင်းချင်း ထိပ်တိုက်တွေ့တဲ့ ပွဲတွေထဲက တစ်ပွဲဖြစ်တယ်။ ဒီအဆင့်ပွဲစဉ်တွေအတွက် မဲမခွဲခင် အခြေအနေအရဆိုရင် အိမ်ကွင်းဖြစ်နေတာတောင် ဘုန်းမောက်ရဲ့ ခြေစွမ်းက အဲဗာတန်အတွက် မျှော်လင့်ချက် အရမ်းနည်းတဲ့ အနေအထားပါ။ ဒါပေမဲ့ ဒေးဗစ်မွိုက်စ်လက်ထက်မှာ အဲဗာတန်က အရမ်းတိုးတက်လာတယ်။ နောက်ဆုံးပွဲမှာလည်း လက်စတာကို ဂိုးပြတ်သွင်းထားတယ်။ ဘုန်းမောက်က အဲဗာတန်ထက်ပိုကောင်းတဲ့အသင်းဆိုပေမယ့် အဲဗာတန်ကွင်းမှာ မျှပါတယ်။ ပွဲချိန်တွင်း သရေကျသွားနိုင်တယ်။


ဆောက်သမ်တန် - ဘန်လေ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၃၀ နာရီ)
မနှစ်က ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ ဘန်လေအသင်းက ဒီရာသီ လိဂ်ချန်ပီယံရှစ်မှာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပြီး ခြေစွမ်းပြနေတယ်။ FA ဖလား ပြီးခဲ့တဲ့အဆင့်မှာ ဘန်လေက ရက်ဒင်းကို ကျော်လာတာဖြစ် ပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၉) ပွဲဆက် ရှုံးပွဲမရှိကစားထားတဲ့ အရှိန်ကလည်း ရှိနေတယ်။ ဆောက်သမ်တန်က ပြီးခဲ့တဲ့အဆင့်တုန်းက ဆွမ်ဆီးကို အိမ်ကွင်းမှာ (၃) ဂိုးပြတ်သွင်းခဲ့တဲ့ အသင်းဖြစ်ပြီး ဒီပွဲကတော့အိမ်ကွင်းဖြစ်နေလို့ မျှော်လင့်ချက် ရှိပါတယ်။ ဆောက်သမ်တန်ကပ်နိုင်ဖို့ ရှိတယ်။


ဘာမင်ဂမ် - နယူးကာဆယ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၀၀:၁၅ နာရီ)
ဘာမင်ဂမ်က ပြိုင်ပွဲစုံ နောက်ဆုံး (၁၈) ပွဲဆက်တိုက် ရှုံးပွဲ မရှိကစားထားပြီးခြေစွမ်းပြနေတယ်။ ဒါပေမဲ့ လိဂ်ဖလားက စောစောစီးစီးထွက်ခဲ့ရတာကြောင့် ရှုံးပွဲမရှိဖြစ်နေတာလို့ဆိုရမှာဖြစ်ပြီး ဘာမင်ဂမ်ဆုံတွေ့ခဲ့တဲ့ ပြိုင်ဘက်တွေဆိုတာက လိဂ်-၁ ကအသင်းတွေပါ။ လက်ရှိ အမှတ်ပေးဇယားမှာလည်း ထိပ်ဆုံးက ရပ်တည်နေပါတယ်။ တစ်ချိန်က ဘာမင်ဂမ်နဲ့ နယူးကာဆယ်ဆိုတာက ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဘက်ကောင်းတွေဖြစ် ခဲ့ပေမယ့် အခုအချိန်မှာ နယူးကာဆယ်ကို ယှှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ နယူးကာဆယ်ပဲ နိုင်မယ်။


ဘရိုက်တန် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၂:၃၀ နာရီ)
ဘရိုက်တန်က နောက်ဆုံးကစားခဲ့တဲ့ (၂) ပွဲဆက် ရှုံးခဲ့ပြီး နိုင်ပွဲပြန်ရဖို့ ကြိုးစားလိမ့်မယ်။ ရှုံးပွဲ (၂) ပွဲက အိမ်ကွင်းမှာ အဲဗာတန်ကို ရှုံးခဲ့တဲ့ပွဲနဲ့ အဝေးကွင်းမှာ နော်တင်ဟမ်ဖောရက်စ်ကို (၇) ဂိုးပြတ်ရှုံးခဲ့တဲ့ ပွဲတွေဖြစ်တယ်။ နှစ်ပွဲစလုံးမှာ ခြေစွမ်းပိုင်းက သိသိသာသာ ကျဆင်းနေခဲ့ပြီး အထူးသဖြင့် ဘရိုက်တန်ရဲ့ထက်မြက်တဲ့ တိုက်စစ်က ပျောက်ဆုံးနေတယ်။ ချယ်လ်ဆီးကတော့ အဝေးကွင်း နောက်ဆုံးနှစ်ပွဲမှာ ပဲလေ့စ်နဲ့ သရေကျခဲ့ပြီး မန်စီးတီးကို ရှုံးခဲ့တယ်။ နောက်ပိုင်းပွဲတွေကို ကြည့်ရင် ရလဒ်ပိုင်းကမဆိုးဘူးလို့ ပြောလို့ရပေမယ့် ခြေစွမ်းက အကောင်းဆုံးပုံစံမှာ ရှိမနေဘူး။ အထူးသဖြင့် ချယ်လ်ဆီးက လူစုံထုတ်ကစားမှ ပုံစံကောင်း ပြသလိုဖြစ်နေတယ်။ ဒီပွဲလည်း လူစုံမထုတ်ဘူးဆိုရင် ဘရိုက်တန်ရဲ့ အိမ်ကွင်းမှာ ချယ်လ်ဆီး ရုန်းကန်ရနိုင်တယ်။ ဘရိုက်တန်ကိုပဲ ကြိုက်တယ်။

■ အခြားပွဲစဉ်များ
*လိဒ်စ် - မီဝေါလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၆:၄၅ နာရီ)
*ပရက်စတန် - ဝိုင်ကွမ်ဘီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၃၀ နာရီ)
စတုတ်စီးတီး - ကာဒစ်ဖ်* (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၃၀ နာရီ)

မူရင်းသတင်း — Eleven Media Group