Myanmar Transparency News

ဆယ်ကျော်သက်ကျောင်းသူနှစ်ဦးကို တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရေး ဆွဲဆောင်စည်းရုံးနေသည့် ရုပ်သံပေါ်ထွက်ရာ ဒလဖြစ်စဥ်မှ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းမိ

၇.၂.၂၀၂၅
Written By Zun

လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် လူပြောများနေသောရုပ်သံတွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရေး ကိစ္စ ပါနေသည့် အတွက် အမှုဖွင့်ကာ တရုတ်နိုင်ငံသားတစ်ဦးကို ကနဦးဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်နေ မ…….နှင့် မ……တို့ မိသားစု၏ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေပေါ် အခွင့်ကောင်းယူ၍ ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ် ထိမ်းမြားစေရန် Video ရိုက်ကူး၍ Online လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်ပြီး ရရှိသော ငွေကြေးအကျိုး အမြတ်များကို ခေါင်းပုံဖြတ်ရန်အတွက် ပူးပေါင်းပြင်ဆင်အားထုတ်ခဲ့သူများ ဖြစ်ကြသော မသီတာအောင်၊ အောင်ဇော်ဦး(ခ)ဟာမီဒူလာ၊ တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အမည်မသိတရုတ်နိုင်ငံသားတစ်ဦးတို့အား ဥပဒေနှင့်အညီအရေးယူ ပေးရန် ဒလမြို့မရဲစခန်းတွင် (ပ)၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ -၃၅/၄၄ ဖြင့် အမှုဖွင့်ရာမှ အထက်ပါအတိုင်း ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား Mr.Luo Fei ၊ နိုင်ငံကူးလက်မှတ် EN 0910723 သည် ဖေဖော်ဝါရီလ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ Thai Airway လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် (TG)ဖြင့် ထွက်ခွာရန် ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာသို့ ဝင်ရောက်လာခဲ့သဖြင့် အမှတ်(၁၉)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်လေဆိပ်)မှ ဒုရဲမှူး ဇော်ထူးအောင်ဦးစီးအဖွဲ့က ပြည်ပထွက်ခွာခွင့်တားဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)သို့ အကြောင်း ကြားခဲ့ကာ လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့်အခြားအမှုဖွင့်ခံရသူများကိုလည်း ထပ်မံ စုံစမ်းမှူများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

မူရင်းသတင်း — Myanmar Transparency News