Eleven Media Group

ACL ထိခိုက်မိခဲ့သည့် မာတီနက်ဇ် ရာသီကုန်အထိ အနားယူရမည်ဖြစ်ပြီး မိမိပုံစံနှင့်လိုက်လျောညီထွေမလုပ်နိုင်သဖြင့် ရပ်ရှ်ဖို့ဒ် ထွက်ခွာသွားခြင်းဖြစ်ဟု အာမိုရင်မ် ဆို

Photos: Getty Images

လီဆန်ဒရိုမာတီနက်ဇ်အနေဖြင့် ACL (ဒူးအရွတ်) ထိခိုက်မိခြင်းဖြစ်ကြောင်း မန်ယူ အသင်းက အတည်ပြုထုတ်ပြန်ခဲ့ပြီး ရာသီကုန်အထိ အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။

အာဂျင်တီးနားလက်ရွေးစင် ခံစစ်အတွင်းလူ မာတီနက်ဇ် (၂၇ နှစ်) သည် ဖေဖော်ဝါရီ ၂ ရက်က ပဲလေ့စ်အသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်၌ ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ထမ်းစင်ဖြင့်သယ်ထုတ်၍ ၈၂ မိနစ်တွင် လူစားလဲခဲ့ရသည်။ စစ်ဆေးမှုများအရ ၎င်းအနေဖြင့် ဒူးအရွတ် (ACL) ထိခိုက်မိခြင်းဖြစ်သောကြောင့် ခြောက်လကျော်ကြာ အနားယူရမည်ဖြစ်ပြီး ယခုရာသီတွင် ပြန်လည်ကစားနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

"လီချာ (မာတီနက်ဇ်) ရဲ့ အခြေအနေက ခက်ခဲပါတယ်။ သူက အချိန်ကာလတစ်ခုကြာ မကစားနိုင်တော့ပါဘူး။ ဒဏ်ရာရဲ့ပြင်းထန်မှု ကို ကျွန်တော်တို့မသိရသေးပါဘူး။ ဒါပေမဲ့ အဲဒါက အချိန်ယူရမယ့် ဒဏ်ရာမျိုးပါ" ဟု နည်းပြဖြစ်သူ အာမိုရင်မ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဗီလာအသင်းသို့ ရာသီဝက်အငှား စာချုပ်ဖြင့် ပြောင်းရွှေ့သွားသည့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်မှာလည်း မိမိပုံစံနှင့် လိုက်လျောညီ ထွေမလုပ်နိုင်သဖြင့် ထွက်ခွာသွားခြင်းဖြစ်ကြောင်း အာမိုရင်မ်က ဆက်လက်ပြောကြားခဲ့သည်။

"ကျွန်တော်က မားကပ်စ် (ရပ်ရှ်ဖို့ဒ်) ကို သူကစားတဲ့ပုံစံမျိုးနဲ့ ကျွန်တော်မြင်တဲ့ပုံစံကို လေ့ကျင့်ပေးဖို့ မလုပ်နိုင်ခဲ့ဘူး။ တစ်ခါတစ်ရံမှာ နည်းပြတစ်ယောက်နဲ့ တကယ်တော်တဲ့ ကစားသမားတစ်ယောက်ရှိပြီး တူညီတဲ့ကစားသမားနဲ့ ကွဲပြားခြားနားတဲ့ နောက်ထပ်နည်းပြလည်း ရှိပါတယ်။ ရပ်ရှ်ဖို့ဒ်နဲ့ အူနိုင်းအမ်မရီ (ဗီလာအသင်းနည်းပြ) အတွက် အကောင်းဆုံးဖြစ်စေဖို့ ကျွန်တော်ဆုတောင်းပါတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်လို့ သူတို့ချိတ်ဆက်နိုင်မှာပါ။ တချို့သူတွေက ဘောလုံးကို ကျွန်တော်မြင်တဲ့ပုံစံမျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင် မလုပ်နိုင်ကြဘူး။ တခြားသူတွေကတော့ အဲဒါကို လုပ်နိုင်ကြတယ်။ ကျွန်တော်တို့က အသင်းကို တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ ကစားသမားတစ်ယောက်၊ နည်းပြတစ်ယောက်အနေနဲ့ တစ်ခါတလေ ဒါမျိုးခံစားရတတ်ပါတယ်။ အဲဒါမျိုးက နည်းပြတွေအများကြီး ကြုံနေကျဖြစ်လို့ တော်တော်လေးကို ပုံမှန်ပါပဲ" ဟု ၎င်းက ဆိုသည်။

မူရင်းသတင်း — Eleven Media Group