Eleven Media Group

မက္ကဆီကိုကလပ် မွန်တာရေးအသင်း နှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့သည့် ရာမို့စ် ယူရိုငါးသန်းဝန်းကျင် ရရှိမည်ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်၍ အပိုဆုကြေးထပ်မံရရှိနိုင်

Photos: X

၀ါရင့်စပိန်နောက်ခံလူ ဆာဂျီယိုရာမို့စ်သည် မက္ကဆီကိုကလပ် မွန်တာရေးအသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး နံပါတ် ၉၃ ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၈ နှစ်ရှိပြီဖြစ်သူ (မတ်လ အတွင်း ၃၉ နှစ်ပြည့်မည်) ရာမို့စ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လတွင် ဆီဗီလာအသင်း နှင့် စာချုပ်ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပြီး ဖေဖော်ဝါရီ ၆ ရက်တွင် မွန်တာရေး အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မွန်တာရေးအသင်းနှင့် တစ်နှစ်စာချုပ် ချုပ်ဆိုထားပြီး ယူရိုငါးသန်းဝန်းကျင် ရရှိမည်ဖြစ်သလို စွမ်းဆောင်ရည်အပေါ် မူတည်၍ အပိုဆုကြေးထပ်မံရရှိနိုင်ကြောင်း သိရသည်။

"နံပါတ် ၉၃ က အပြာရောင်နဲ့ အဖြူရောင်ဂျာစီကို ကာကွယ်ပေးဖို့ အသင့်ဖြစ်နေပါပြီ။ သူက ကမ္ဘာ့ဘောလုံးလောကရဲ့ သမိုင်းဝင်နောက်ခံလူတစ်ဦး၊ ရီးယဲလ်မက်ဒရစ်၊ PSG တို့နဲ့အတူ ချန်ပီယံဆုတွေအများကြီး ရခဲ့သလို စပိန်နဲ့လည်း ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ပါတယ်။ မွန်တာရေးအသင်းက လှိုက်လှဲစွာကြိုဆိုပါတယ်။ ခင်ဗျားရဲ့ ခေါင်းဆောင်မှုနဲ့ အောင်မြင်မှုစိတ်ဓာတ်က အပြာရောင်နဲ့ အဖြူရောင်အသင်းကို ကြီးကျယ်တဲ့အဆင့်အထိ ခေါ်ဆောင်သွားနိုင်မှာပါ" ဟု မွန်တာရေးအသင်းက ထုတ်ပြန်ခဲ့သည်။

ရာမို့စ်သည် ၂၀၁၃-၂၀၁၄ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းဘက်သို့ ၉၀+၃ မိနစ်တွင် အဖိုးတန်ချေပဂိုး သွင်းယူခဲ့ပြီးနောက် နံပါတ် ၉၃ ကို အမှတ်တရအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး ဦးခေါင်းတွင်လည်း တက်တူး ရေးထိုးထားသည်။

ရာမို့စ်သည် ဆီဗီလာ (နှစ်ကြိမ်)၊ ရီးယဲလ်မက်ဒရစ်၊ PSG အသင်းတို့တွင် ကစားခဲ့ဖူးပြီး သမိုင်းတစ်လျှောက် အကောင်းဆုံးခံစစ်အတွင်းလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

မူရင်းသတင်း — Eleven Media Group