Eleven Media Group

ဒိုင်ကော်မတီကို တိုင်ကြားခဲ့သည့် ရီးယဲလ်အသင်း ခေါင်းမရှိတော့ကြောင်းနှင့် တုံ့ပြန်တိုင်ကြားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း လာလီဂါဥက္ကဋ္ဌ ဟာဗီယာတီဘက်စ် ပြောကြား

Photo: BBC

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က ဒိုင်ကော်မတီကို တိုင်ကြားခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းမှာ ခေါင်းမရှိတော့ကြောင်းနှင့် တုံ့ပြန်တိုင်ကြားမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ဖေဖော်ဝါရီ ၁ ရက်က အက်စ်ပန်ညိုအသင်းအား အဝေးကွင်း၌ (၁-၀) ဂိုးဖြင့် ရှုံးနိမ့်သည့် လာလီဂါပွဲစဉ်မှ ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိသဖြင့် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) နှင့် အားကစားဆိုင်ရာကောင်စီထံ တရားဝင် တိုင်ကြားစာပေးပို့ခဲ့သည်။

အဆိုပါကန့်ကွက်စာတွင် VAR ဒိုင်လူကြီးများအပါအဝင် ဒိုင်အဖွဲ့၏ ဆုံးဖြတ်ချက်များမှာ မိမိတို့ကိုဆန့်ကျင်သည့် ဘက်လိုက်မှု၊ လိမ်ညာမှု၊ အသိအမှတ်မပြုမှု ကျူးလွန်ခဲ့ကြောင်း၊ ပြိုင်ပွဲအပေါ် ခြယ်လှယ်မှုနှင့် မသမာသောအဆင့်သို့ရောက်ရှိနေသဖြင့် လျစ်လျူရှု၍ မရတော့ကြောင်း ဖော်ပြထားသည်။

ယင်းတိုင်ကြားစာနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၆ ရက်က လာလီဂါကလပ်များ (ရီးယဲလ်အသင်း တက်ရောက်ခြင်းမရှိ)၊ RFEF နှင့် ဒိုင်ကော်မတီ (CAT) ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ တီဘက်စ်က ရီးယဲလ်အသင်းမှာ ခေါင်းမရှိတော့ကြောင်း ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။

တီဘက်စ်က "ရီးယဲလ်မက်ဒရစ်က ဒိုင်အဖွဲ့တင်မဟုတ်ဘဲ ပြိုင်ပွဲကိုပါ ထိခိုက်စေချင်တာပါ။ သူတို့က နစ်နာသူဖြစ်တဲ့ဇာတ်လမ်းတစ်ခု တည်ဆောက်ခဲ့တယ်။ သူတို့က ခေါင်းမရှိတော့ပါဘူး။ ဘောလုံးဆိုတာ ရီးယဲလ်မက်ဒရစ်တစ်ခုတည်းနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ကလည်း သူတို့ကို တုံ့ပြန်တိုင်ကြားမှု လုပ်သွားမှာပါ။ ဒီလိုစာမျိုးကို လက်မခံနိုင်လို့ ဥပဒေရှုထောင့်က လေ့လာသုံးသပ်နေပါတယ်" ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group