Eleven Media Group

လိဂ်ဖလား ဗိုလ်လုပွဲတွင် နယူးကာဆယ်နှင့် ချန်ပီယံ လီဗာပူးလ်တွေ့ဆုံနေပြီး ချန်ပီယံဆုရယူနိုင်မှသာ ထူးခြားမည်ဖြစ်ကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ သုံးသပ်

Photo: Getty Images

၂၀၂၄-၂၀၂၅ ရာသီ လိဂ်ဖလား (Carabao Cup) ပြိုင်ပွဲ ဗိုလ်လုပွဲ၌ နယူးကာဆယ်နှင့် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်း တွေ့ဆုံနေပြီး မတ် ၁၆ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ ၅၊ ၆ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး နယူးကာဆယ်နှင့် လီဗာပူးလ်အသင်း အိမ်ကွင်းနိုင်ပွဲရရှိကာ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ နယူးကာဆယ်အသင်းသည် အာဆင်နယ်အသင်းအား အဝေးကွင်း၌ (၀-၂) ဂိုးဖြင့် အနိုင်ရခဲ့သလို အိမ်ကွင်းတွင်လည်း (၂-၀) ဂိုးဖြင့် ထပ်မံအနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ လီဗာပူးလ်အသင်းမှာမူ စပါးအသင်းအား အဝေးကွင်း၌ (၁-၀) ဂိုးဖြင့် ရှုံးနိမ့်ထားသော်လည်း အိမ်ကွင်း၌ (၄-၀) ဂိုးဖြင့် ပြန်လည် အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် (၄-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဗိုလ်လုပွဲတက်ရောက်လာသည့် နှစ်သင်းအနက် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းမှာ ယခုပြိုင်ပွဲတွင် ၁၀ ကြိမ်ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ လီဗာပူးလ်အသင်းသည် ဗိုလ်လုပွဲသို့ နှစ်နှစ်ဆက်အပါအဝင် နောက်ဆုံးလေးနှစ်အတွင်း သုံးကြိမ်မြောက်နှင့် စုစုပေါင်း ၁၅ ကြိမ်မြောက် တက်ရောက်နိုင်ခြင်း ဖြစ်သည်။ နယူးကာဆယ်အသင်းမှာမူ ချန်ပီယံဆုမရဖူးဘဲ ၁၉၇၆ နှင့် ၂၀၂၃ နှစ်ကြိမ်စလုံး ဒုတိယဖြင့် ကျေနပ်ခဲ့ရပြီး နောက်ဆုံး သုံးနှစ်အတွင်း ဒုတိယအကြိမ် ဗိုလ်လုပွဲတက် ရောက်ထားသည်။

ဗိုလ်လုပွဲကို မတ် ၁၆ ရက်တွင် လန်ဒန် မြို့ရှိ ဝင်ဘလေကွင်း၌ ကျင်းပမည်ဖြစ်ပြီး လီဗာပူးလ်အသင်းက အလေးပေးမှု ၂/၅ ဖြင့် ချန်ပီယံဆုကာကွယ်နိုင်ရန် ရေပန်းစားနေကာ နယူးကာဆယ်အသင်းက ၂/၁ သတ်မှတ်ခံထားရသည်။ လီဗာပူးလ်အသင်းအား ကိုင်တွယ်သည့် ပထမဆုံးရာသီမှာပင် လိဂ်ဖလားဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက် နည်းပြဖြစ်သူ အာနယ်ဆလော့က ချန်ပီယံဆုရယူနိုင်မှသာ ထူးခြားမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

"အဲဒီကွင်း (ဝင်ဘလေကွင်း) က ဘယ်လောက်ထူးခြားလဲဆိုတာကို ကျွန်တော်သိပါတယ်။ အဲဒါကြောင့် အဲဒီနေရာကိုသွားရတာ အရမ်းကောင်းပါတယ်။ ချန်ပီယံဆုတွေရယူနိုင်မှသာ အဲဒါက ထူးခြားမှာပါ။ နယူးကာဆယ်က အထင်ကြီးလောက်စရာကောင်းတဲ့ အသင်းဖြစ်လို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဗိုလ်လုပွဲကစားရတာက အမြဲတမ်းကောင်းပါတယ်။ ကျွန်တော်တို့က ဒီနေရာဆီနေ့တိုင်းလာပြီး အသင်းကိုတိုးတက်မှုရှိအောင် ကြိုးစားနေကြတယ်။ ကစားသမားတွေကလည်း သူတို့ကိုယ်သူတို့ တိုးတက်လာအောင် အရမ်းကြိုးစားပါတယ်။ ဒါပေမဲ့ အဆုံးသတ်ကတော့ ဗိုလ်လုပွဲတွေဆီ ရောက်ရှိဖို့နဲ့ ချန်ပီယံဆုတွေ ရယူနိုင်ဖို့ပါပဲ" ဟု အာနယ်ဆလော့က ပြောကြားခဲ့သည်။

ယခုရာသီ နယူးကာဆယ်အသင်း၏ကွင်း၌ တွေ့ဆုံမှုတွင် (၃-၃) ဂိုးစီ သရေကျထားပြီး လိဂ်ဖလား ဗိုလ်လုပွဲမတိုင်မီ ဖေဖော်ဝါရီ ၂၆ ရက်တွင် အန်ဖီးလ်ကွင်း၌ ဒုတိယအကျော့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group