Eleven Media Group

လက်ရှိအချိန်အထိ လီဗာပူးလ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် မသေချာသေးကြောင်း  အသင်းခေါင်းဆောင် ဗန်ဒိုက် ဝန်ခံ

Photo: Getty Images

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ အသင်းနှင့်စာချုပ်သစ် ချုပ်ဆိုရန် မသေချာသေးကြောင်း ဝန်ခံပြောကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ်ရှိ နယ်သာလန် လက်ရွေးစင်အသင်းခေါင်းဆောင် ဗန်ဒိုက် သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အဓိက ကစားသမားသုံးဦးထဲမှ တစ်ဦးဖြစ်သည်။ ဗန်ဒိုက်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က စပါးအသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့် လိဂ်ဖလား (Carabao Cup) ဒုတိယအကျော့ပွဲစဉ်တွင် ခြေစွမ်းပြခဲ့ပြီး လီဗာပူးလ်အသင်းအတွက် စတုတ္ထဂိုးကို သွင်းယူပေးခဲ့သည်။

ဗန်ဒိုက်သည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် အဓိကခြေစွမ်းပြပြီး ပရီးမီးယားလိဂ် ပွဲတိုင်းပါဝင်ကစားထားသော်လည်း လီဗာပူးလ်အသင်းအနေဖြင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။ ဗန်ဒိုက်ကဲ့သို့ပင် လီဗာပူးလ်အသင်း၏ အဓိက ကစားသမားများဖြစ်သည့် ဆာလာနှင့် အာနိုးလ်တို့မှာလည်း ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

လီဗာပူးလ်အသင်းပရိသတ်များက ဗန်ဒိုက်၊ ဆာလာနှင့် အာနိုးလ်တို့အား စာချုပ်သစ်ချုပ်ဆိုရန် တောင်းဆိုနေကြသော်လည်း လီဗာပူးလ်အသင်းအနေဖြင့် လက်ရှိအချိန်အထိ ကစားသမားများနှင့်ဆွေးနွေးဆဲဖြစ် ပြီး သဘောတူညီမရသေးကြောင်း ဗြိတိန်မီ ဒီယာများက ဖော်ပြနေကြသည်။

စပါးအသင်းကို အနိုင်ရပြီးနောက် လီဗာပူးလ်အသင်း ခေါင်းဆောင် ဗန်ဒိုက်က ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗန်ဒိုက်က "ကျွန်တော့်အနေနဲ့ ခံစားမှုကောင်းပါတယ်။ ဒါပေမဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကျွန်တော် မသိသေးပါဘူး။ တကယ်လို့ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လူတွေသိတယ်လို့ ပြောမယ်ဆိုရင် သူတို့ရဲ့ ပြောဆိုမှု လုံးဝမမှန်ပါဘူး"ဟု ပြောကြားခဲ့သည်။

ဗန်ဒိုက်သည် ၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင် ၇၅ သန်း (ထိုစဉ်က နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး) ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ ၎င်းသည် ယာဂန်ကလော့ပ် လက်ထက်တွင် ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ဖလားအပါအဝင် ဆုဖလား ခုနစ်လုံးရရှိခဲ့သည့် လီဗာပူးလ်အသင်းအတွက် အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်သည်။

ဗန်ဒိုက်သည် လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ၃၀၂ ပွဲကစားထားပြီး ၂၆ ဂိုးသွင်းယူထားသည်။ လက်ရှိတွင် အသက် ၃၃ နှစ်ကျော်နေပြီဖြစ်သော်လည်း ဗန်ဒိုက်က ၎င်းအနေဖြင့် ထိပ်တန်းခြေစွမ်းဖြင့် အနည်းဆုံး သုံး၊ လေးနှစ် လောက် ကစားနိုင်သေးကြောင်း ပြောကြားထားသည်။ ထို့ပြင် ဗန်ဒိုက်က ၎င်းအနေဖြင့် လီဗာပူးလ်အသင်းနှင့် ပရိသတ်များကို ချစ်ခင်ကြောင်း၊ အသင်းတွင် ပျော်ရွှင်နေကြောင်းလည်း ပြောကြားထားသည်။

မူရင်းသတင်း — Eleven Media Group