
ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ အမျိုးသားနှင့် အမျိုးသမီး ဘောလုံးနှစ်ခုစလုံးတွင် အပြောင်းအရွှေ့ ပြုလုပ်မှုအရေအတွက်နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၄ ရက် အထိ ဖွင့်လှစ်ခဲ့သည့် အပြောင်းအရွှေ့ကာလအတွင်း အမျိုးသားနှင့် အမျိုးသမီး ပရော်ဖက်ရှင်နယ်ဘောလုံးတွင်ပြုလုပ်ခဲ့သည့် အပြောင်းအရွှေ့များ၏ အစီရင်ခံစာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က International Transfer Snapshot (January 2025) အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအစီရင်ခံစာအရ အမျိုးသားဘောလုံးတွင် အပြောင်းအရွှေ့ပြုလုပ်မှု စုစုပေါင်း ၅၈၆၃ ကြိမ်နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ် ဒေါ်လာ ၂ ဒသမ ၃၅ ဘီလျံ၊ အမျိုးသမီးဘောလုံးတွင် အပြောင်းအရွှေ့ပြုလုပ်မှု စုစုပေါင်း ၄၅၅ ကြိမ်နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ် ဒေါ်လာ ၅ ဒသမ ၇၇ သန်းရှိကြောင်း သိရသည်။
အမျိုးသားဘောလုံးတွင် ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း အပြောင်းအရွှေ့ပြုလုပ်မှုအရေအတွက်မှာ နှစ်စဉ်မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ၂၇၆၀ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၃၈၄၄ ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် ၄၆၈၈ ကြိမ်၊ ၂၀၂၄ ခုနှစ်တွင် ၄၉၂၁ ကြိမ်နှင့် ၂၀၂၅ ခုနှစ်တွင် ၅၈၆၃ ကြိမ် အထိ မြင့်တက်လာသည်။ ပြောင်းရွှေ့ကြေး အသုံးစရိတ်မှာမူ ၂၀၂၃ ခုနှစ်တွင် စံချိန်တင် ခဲ့သည့် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကိုကျော် လွန်၍ ဒေါ်လာ ၂ ဒသမ ၃၅ ဘီလျံဖြင့် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တွင် ဒေါ်လာ ၁ ဒသမ ၄၉ ဘီလျံသို့ လျော့ကျခဲ့သည်။
ပြောင်းရွှေ့ကြေးအသုံးစရိတ် အများဆုံးအဖြစ် အင်္ဂလန်ကလပ်များကပင် ဒေါ်လာ ၆၂၂ သန်းဖြင့် ထိပ်ဆုံးနေရာရပ်တည်ခဲ့ပြီး ဂျာမနီကလပ်များက ဒေါ်လာ ၂၉၆ သန်း၊ အီတလီကလပ်များက ဒေါ်လာ ၂၂၄ သန်း၊ ပြင်သစ်ကလပ်များက ဒေါ်လာ ၂၁၀ သန်း၊ ဆော်ဒီကလပ်များက ဒေါ်လာ ၂၀၂ သန်းဖြင့် အစဉ်လိုက်ရပ်တည်နေသည်။
နာမည်ကြီး စပိန်ကလပ်များမှာမူ ဒေါ်လာ ၄၃ ဒသမ ၆ သန်းသာ အသုံးပြုခဲ့ပြီး အသုံးစရိတ်အများဆုံးစာရင်းတွင် အဆင့် ၁၁ နေရာသာ ရပ်တည်ခဲ့သည်။ ကစားသမားရောင်းချရာမှ ဝင်ငွေအများဆုံးရရှိမှုအဖြစ် ပြင်သစ်ကလပ်များက ဒေါ်လာ ၃၇၁ သန်းဖြင့် ဦးဆောင်ခဲ့ပြီး ဂျာမနီကလပ်များက ဒေါ်လာ ၂၂၆ သန်း၊ အင်္ဂလန်ကလပ်များက ဒေါ်လာ ၁၈၆ သန်း၊ ပေါ်တူဂီကလပ်များက ဒေါ်လာ ၁၇၆ သန်း၊ အီတလီကလပ်များက ဒေါ်လာ ၁၆၂ သန်းဖြင့် အစဉ်လိုက်ရပ်တည်နေသည်။
အမျိုးသမီးဘောလုံးတွင်လည်း ဇန်နဝါ ရီကာလအတွင်း အပြောင်းအရွှေ့ပြုလုပ်မှုနှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ်မှာ နှစ်စဉ်မြင့် တက်လာပြီး ၂၀၂၁ ခုနှစ်တွင် ၁၈၁ ကြိမ်နှင့် ဒေါ်လာ ၃၁၀၀၀၀၊ ၂၀၂၂ ခုနှစ်တွင် ၂၆၂ ကြိမ်နှင့် ဒေါ်လာ ၄၈၇၀၀၀၊ ၂၀၂၃ ခုနှစ်တွင် ၃၅၆ ကြိမ်နှင့် ဒေါ်လာ ၇၇၅၀၀၀၊ ၂၀၂၄ ခုနှစ်တွင် ၃၇၁ ကြိမ်နှင့် ဒေါ်လာ ၂ ဒသမ ၀၆ သန်း၊ ၂၀၂၅ ခုနှစ်တွင် ၄၅၅ ကြိမ် နှင့် ဒေါ်လာ ၅ ဒသမ ၇၇ သန်း ရှိခဲ့သည်။