Eleven Media Group

ဘွန်ဒစ်လီဂါ အဝေးကွင်း ၂၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားနိုင်သည့်စံချိန်ကို လေဗာကူဆင်အသင်းနည်းပြ အလွန်ဆို လိုက်မီ

Photo: AFP

လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုသည် ဂျာမနီဂန္ထဝင်နည်းပြ အူဒိုလာတက်၏ ဘွန်ဒစ်လီဂါ အဝေးကွင်း ၂၇ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်သည့်စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားသည့် ဘွန်ဒစ်လီဂါ ပွဲစဉ် (၂၁) တွင် ဝုလ်ဖ်ဘတ်နှင့် လေဗာကူဆင်အသင်း ဂိုးမရှိသရေကျခဲ့ပြီးနောက် အလွန်ဆိုအနေဖြင့် ယင်းစံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လေဗာကူဆင်အသင်းသည် ၂၀၂၂-၂၀၂၃ ရာသီ ပိတ်ပွဲစဉ်တွင် ဘိုဟုမ်အသင်းအား သုံးဂိုးပြတ် ရှုံးနိမ့်ပြီးနောက်ပိုင်း ဘွန်ဒစ်လီဂါအဝေးကွင်း ပွဲစဉ်များတွင် ရှုံးပွဲမရှိကစားထားနိုင်သည်မှာ နှစ်နှစ်နီးပါးရှိလာပြီဖြစ်သည်။

၎င်းတို့အနေဖြင့် ၂၀၂၃-၂၀၂၄ ရာသီတစ်လျှောက် ၁၇ ပွဲနှင့် ယခုရာသီတွင် ၁၀ ပွဲ၊ စုစုပေါင်း ၂၇ ပွဲ ဆက်တိုက် ရှုံးပွဲကစားထားနိုင်ခြင်းဖြစ်ပြီး ပွဲ ၂၀ အနိုင်ရကာ ခုနစ်ပွဲသရေကျထားသည်။

ဘိုင်ယန်မြူးနစ်၊ မိုချန်ဂလာဘတ်၊ ဒေါ့မွန်၊ ဘာစီလိုနာ၊ ကိုလုံး၊ ရှော်လ်ကေးအသင်းတို့ကို ကိုင်တွယ်ဖူးသည့် အူဒိုလာတက်က ယခင်စံချိန်ဟောင်းကို ၁၉၈၅ မှ ၁၉၉၂ ခုနှစ်အတွင်း (ဘိုင်ယန်မြူးနစ်၊ ကိုလုံး၊ ရှော်လ်ကေးအသင်းတို့ကို ကိုင်တွယ်စဉ်) တင်ရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ဝုလ်ဖ်ဘတ်အသင်းနှင့် သရေကျခဲ့သောကြောင့် ဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်အသင်းနှင့် လေဗာကူဆင်အသင်းတို့အကြား ရမှတ်ကွာဟမှုမှာ ရှစ်မှတ်အထိရှိသွားပြီဖြစ်သည်။ ပွဲစဉ် (၂၁) အပြီးတွင် ဘိုင်ယန်မြူးနစ်အသင်းက ၅၄ မှတ်ဖြင့် ဦးဆောင်နေပြီး လေဗာကူဆင်အသင်းက ၄၆ မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group