
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ကျင်းပသည့် UFC 312 ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းချန်ပီယံ ဒူပလပ်ဆစ်နှင့် အမျိုးသမီး စထရောဝိတ်တန်းချန်ပီယံ ကျန်းဝေလီတို့ ပြိုင်ဘက်များကို အမှတ်ဖြင့် အနိုင်ရပြီး ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။
အဓိကခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်သည့် တောင်အာဖရိက MMA ကစားသမား ဒူပလပ်ဆစ်နှင့် အမေရိကန် MMA ကစားသမား စထရစ်လန်းတို့မှာ မကျေပွဲပြန်လည်ထိုးသတ်ခြင်းဖြစ်ပြီး ဒူပလပ်ဆစ်က ထပ်မံအနိုင်ရခဲ့သည်။ ပထမအချီတွင် ဒူပလပ်ဆစ် က ခြေကန်ချက်များအသုံးပြုခဲ့ပြီး စထရစ်လန်းက ၎င်း၏ပုံစံအတိုင်း ထောက်လက်သီးများအားပြုကာ အနည်းငယ်အသာရခဲ့သည်။ ဒုတိယအချီတွင်လည်း စထရစ်လန်း၏ တန်ပြန် Counter လက်သီးချက်များ ကောင်းမွန်သလို ဒူပလပ်ဆစ်၏ ဝဲလက်သီး၊ အောက်ခြေနှင့် အမြင့်ကန်ချက်များကြောင့် စထရစ်လန်း နှာခေါင်းမှ သွေးများကျဆင်းလာခဲ့သည်။
တတိယအချီတွင် အပြန်အလှန်ထိုးနိုင်ခဲ့ပြီး ဒူပလပ်ဆစ်က ထိချက်အသာရခဲ့သည်။ စတုတ္ထအချီတွင် ဒူပလပ်ဆစ်၏ ညာလက်သီးချက်ကြောင့် စထရစ်လန်း နှာခေါင်းရိုးကျိုးသွားပြီး သွေးများဆက်တိုက်ကျဆင်းလာကာ ရှောင်ကစားခဲ့ရသည်။ ဒူပလပ်ဆစ်က ပွဲဖြတ်နိုင်ရန် အတင်းဝင်၍ ဖိအားပေးသော်လည်း သက်လုံကျလာသဖြင့် ငါးချီပြီးဆုံးချိန်အထိ အလဲထိုးနိုင်ခြင်းမရှိဘဲ အမှတ်ဖြင့် ဆုံးဖြတ်ခဲ့ရသည်။ အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် ဒိုင်သုံးဦးစလုံးက ဒူပလပ်ဆစ်ကို ၅၀-၄၅၊ ၅၀- ၄၅၊ ၄၉-၄၆ မှတ်ဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။
ဒူပလပ်ဆစ် (၃၁ နှစ်) သည် UFC တွင် ချန်ပီယံခါးပတ်ရရှိသည့် ပထမဆုံး တောင်အာဖရိက ကစားသမားအဖြစ် မှတ်တမ်းဝင်ထားပြီး ပရော်ဖက်ရှင်နယ်ပွဲစုစုပေါင်း ၂၅ ပွဲထိုးသတ်ရာတွင် ၂၃ ပွဲအနိုင်ရကာ နှစ်ပွဲသာ ရှုံးနိမ့်ထားသည်။ ၎င်းသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီတွင် ကျင်းပသည့် UFC 297 ပြိုင်ပွဲ ၌ စထရစ်လန်းကို အမှတ်ဖြင့် အနိုင်ယူကာ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ် စတင်ရရှိခဲ့ပြီး သြဂုတ်တွင်ကျင်းပသည့် UFC 305 ပြိုင်ပွဲ၌ ချန်ပီယံဟောင်း အဒီဆန်ညာကို ချုပ်ကွက်ဖြင့်လည်းကောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ဘက်ဟောင်း စထရစ်လန်းကို အမှတ်ဖြင့်လည်းကောင်း အနိုင်ယူကာ ချန်ပီယံခါးပတ်နှစ်ကြိမ်ကာကွယ်ထားနိုင်ပြီဖြစ်သည်။
ဒုခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်သည့် အမျိုးသမီး စထရောဝိတ်တန်းပွဲစဉ်တွင် လက်ရှိချန်ပီယံ တရုတ်နိုင်ငံသူ ကျန်းဝေလီက အမေရိကန်နိုင်ငံသူ တာတီယာနာဆွာရက်ဇ် ကို အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ပွဲချိန်တစ်လျှောက်လုံးနီးပါး ကျန်းဝေလီကသာ ဖိအား ပေးထိုးသတ်နိုင်ခဲ့ပြီး ဒိုင်သုံးဦးစလုံးက ၄၉- ၄၆၊ ၄၉-၄၆၊ ၄၉-၄၅ မှတ်ဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။
ကျန်းဝေလီ (၃၅ နှစ်) သည် ၂၉ ပွဲထိုးသတ်ရာ ၂၆ ပွဲနိုင်၊ သုံးပွဲသာ ရှုံးနိမ့်ထားပြီး စထရောဝိတ်တန်းချန်ပီယံခါးပတ်ကို သုံးကြိမ်ကာကွယ်ထားနိုင်ပြီဖြစ်သည်။