
ဆော်ဒီကလပ် အယ်လ်နာဆာအသင်း၏ တိုက်စစ်မှူးသစ်ဖြစ်သူ ဒူရန်က နာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုနှင့် အသင်းဖော်အဖြစ် တွဲဖက်ကစားခွင့်ရသည့်အပေါ် မယုံနိုင်အောင် ဖြစ်နေကြောင်း ဝန်ခံပြောကြားခဲ့သည်။
ကိုလံဘီယာလူငယ်တိုက်စစ်မှူး ဒူရန်(၂၁ နှစ်)သည် ပြီးခဲ့သည့်ဇန်နဝါရီကမှ အက်စတွန်ဗီလာမှ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင် (၇၁) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
၎င်းသည် ဖေဖော်ဝါရီလ (၇)ရက်က ကစားခဲ့သည့် အယ်လ်အော်ဝယ်လ်အသင်းအား (၃-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အယ်လ်နာဆာအတွက် ပွဲထွက်ကစားခဲ့ပြီး (၂) ဂိုးသွင်းယူပေးခဲ့သည်။
ယင်းပွဲတွင် တခြား (၁) ဂိုးကို စီရော်နယ်လ်ဒိုက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒူရန်က စီရော်နယ်လ်ဒို နှင့်တွဲဖက်ကစားရသည့်အပေါ် မယုံနိုင်ဖြစ်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒူရန်က "စီရော်နယ်လ်ဒိုနဲ့အတူ ကျွန်တော် ဂိုးသွင်းပြီး အောင်ပွဲခံတာက FIFA Career Mode ကို ကစားနေရသလိုပါပဲ"ဟု ပြောကြားခဲ့သည်။