Eleven Media Group

မက်ဒရစ်ဒါဘီမှ ကွင်းလယ်ဒိုင်၏စွမ်းဆောင်မှုကို အက်သလက်တီကိုနည်းပြ ဆီမြွန်နီ ကျေနပ်

Photo: Reuters

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက မက်ဒရစ်ဒါဘီမှ ကွင်းလယ်ဒိုင် ဆီဇာဆိုတို၏စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၁) အက်သလက်တီကိုပွဲတွင် အက်သလက်တီကိုအသင်းကို ပယ်နယ်တီပေးခဲ့သည့် ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်မှာ အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။

ထို့ပြင် ဘာရီရော့စ်ကို ကြမ်း တမ်းစွာဖျက်ထုတ်ခဲ့သည့် ရီးယဲလ်ကွင်းလယ်လူ စီဘယ်ယို့စ်မှာ အနီကတ်ပြခံခဲ့ရသင့်ကြောင်း လာလီဂါဒိုင်လူကြီးဟောင်း ဂွန်ဇာလက်ဇ်က ပြောကြားခဲ့သည်။

သို့သော် ဆီမြွန်နီက အဆိုပါပွဲမှ ကွင်းလယ်ဒိုင် ဆီဇာဆိုတို၏ စွမ်းဆောင်မှုမှာ မှန်ကန်ကြောင်းနှင့် ကျေနပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီမြွန်နီက "ပယ်နယ်တီက ဘီလ်ဘာအို - ဂျီရိုနာပွဲ ကလိုပါပဲ။ VAR က ဝင်ပြောခဲ့တာပါ။ အဲဒီအခြေအနေမှာ ကွင်းလယ်ဒိုင်က အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ စီဘယ်ယော့စ်ကိစ္စမှာလည်း တချို့က အနီကတ်ပြသသင့်တယ်။ တချို့က VAR ကြည့်သင့်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဒိုင်ရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် နားလည်ပါတယ်။ ဒီပွဲမှာ သူ အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group