Myanmar Transparency News

ခွေးတစ်ကောင်ကို ပင်လယ်ထဲ အကြိမ်ကြိမ် ပစ်ချတဲ့ ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားရဲ့ ကြမ်းကြုတ်တဲ့လုပ်ရပ်အတွက် ထောင် ၁၅ ရက်ချပြီး ပြည်နှင်ရန်စီစဥ်

၁၁. ၂. ၂၀၂၅
Translated by Thettant

ရယ်မောစနောက်နေရင်း ခွေးတစ်ကောင်ကို ပင်လယ်ထဲ အကြိမ်ကြိမ် ပစ်ချတဲ့ ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားကို ဇန်နဝါရီ ၈ ရက် မနက်ခင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်အပြီး ထောင် ၁၅ ရက် ချခဲ့သလို ပြည်နှင်ဒဏ်ပေးဖို့လည်း စီစဥ်နေတယ်လို့ သိရပါတယ်။

ခွေးတစ်ကောင်ကို ပင်လယ်ထဲ အကြိိမ်ကြိမ်ပစ်ချနေတဲ့ တိရိစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဒီ လုပ်ရပ်ဟာ လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပြီး ဒါဟာ ထိုင်းနိုင်ငံသားတစ်ယောက် ကျူးလွန်တာလို့ ကနဦးဖော်ပြခဲ့တာပါ။ ဒီလုပ်ရပ်ဟာ ထိုင်းပြည်သူတွေအတွက် အလွန်ရက်စက်ပြီး ထိတ်လန့်စရာ ဖြစ်ခဲ့တယ်လို့ ဝေဖန်မှုတွေအပြီးမှာ Watchdog Thailand က ရုပ်သံပေးပို့တိုင်ကြားခဲ့သလို ဆိုက်ဘာရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Trirong Phiwphan က ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးမှုစတင်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေချိန်မှာပဲ ကျူးလွန်သူဟာ မူလက ရေးသားယူဆနေသလို ထိုင်းနိုင်ငံသားမဟုတ်ဘဲ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသား သီဟအောင်ဆိုသူဖြစ်ပြီး သူက Mueang Samut Prakan ရဲစခန်းကို ကျူးလွန်သူဟာ သူဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီဖြစ်စဥ်ကို သူ ကျုးလွန်ချိန်ဟာ အသက် ၁၇ နှစ်အရွယ် ၂၀၂၃ ခုနှစ်အကုန်ပိုင်းကဖြစ်ပြီး သူ့သူငယ်ချင်း Leutsouphanh နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ချန်ဖွန်မြို့မှာ အရက်သောက်ရင်း ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ သူငယ်ချင်းနဲ့ စိတ်အခန့်မသင့်ချိန် ရုပ်သံထုတ်ဖော်ခံရတာဖြစ်ကြောင်း၊ အခုတော့ သူ့လုပ်ရပ်အတွက် နောင်တရနေကြောင်း ဝန်ခံ​တောင်းပန်ခဲ့ပြီး တရားဥပဒေအရ ပူးပေါင်း ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြောင်း ထွက်ဆိုခဲ့ပါတယ်။

သီဟအောင်ရဲ့ ဝန်ခံချက်အရ တရားခံကိုဖော်ထုတ်နိုင်ခဲ့အပြီးမှာ အာဏာပိုင်တွေက ဥပဒေအရ ထောင် ၁၅ ရက် ချခဲ့သလို ဗီဇာကို ရုပ်သိမ်းခဲ့ပြီး ပြည်နှင်ဒဏ်ပေးဖို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် လျင်မြန်တဲ့ အရေးယူမှုဟာ ထိုင်းနိုင်ငံက တိရိစ္ဆာန်တွေရဲ့အပေါ် ရက်စက်ကြမ်းကြုတ်မှုကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ တရားမျှတမှုကို ဖော်ဆောင်မယ့် ကတိကဝတ်ကို မီးမောင်းထိုးပြခဲ့တာလည်းဖြစ်ပါတယ်။

Ref , The Thaiger ၊ Thai Enquirer

မူရင်းသတင်း — Myanmar Transparency News