
မက်ဒရစ်ဒါဘီတွင် အက်သလက်တီကိုအသင်းကို ပယ်နယ်တီပေးခဲ့ခြင်းအတွက် VAR အဖွဲ့ကို ရီးယဲလ်မက်ဒရစ်အသင်း၏တရားဝင်ရုပ်သံဖြစ်သည့် ရီးယဲလ်မက်ဒရစ် TV က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ (၈) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၁) အက်သလက်တီကိုပွဲ၏ ပွဲချိန် (၃၅) မိနစ်တွင် VAR ၏တိုက်တွန်းမှုဖြင့် ကွင်းလယ်ဒိုင် ဆီဇာဆိုတိုက အက်သလက်တီကိုအသင်းကို ပယ်နယ်တီပေးခဲ့ခြင်းဖြစ်သည်။
ဘယ်တောင်ပံမှ ဂါလန်၏ပေးပို့မှုအား လီနို ပြေးဝင်ပိတ်ရန် ကြိုးစားမှုကို ရီးယဲလ်ကစားသမား ချူယာမန်နီ တားဆီးရန် ကြိုးပမ်းရာ ခြေထောက်ကို နင်းမိသလို ဖြစ်ခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေတွင် မြင်ကွင်းနှင့် အနီးဆုံးအနေအထားတွင် ရှိနေခဲ့သည့် ကွင်းလယ်ဒိုင် ဆီဇာဆိုတီက ပွဲကိုဆက်ကစားစေခဲ့သည်။
သို့ သော် VAR အဖွဲ့က ကွင်းလယ်ဒိုင် ဆီဇာဆိုတိုအား ယင်းဖြစ်ရပ်ကို ပြန်ကြည့်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဆီဇာဆိုတိုသည် ကွင်းဘေးရှိ မော်နီတာကို ပြန်ကြည့်ကာ အက်သလက်တီကိုကို ပယ်နယ်တီပေးခဲ့ခြင်းဖြစ်ပြီး အယ်လ်ဗာရက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့သည်။
ယင်းဖြစ်ရပ်တွင် ပယ်နယ်တီပေးခဲ့သည့် ကွင်းလယ်ဒိုင်အား ပွဲအပြီးတွင် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက အပြစ်တင်ရန် ငြင်းဆန်ခဲ့သော်လည်း ရီးယဲလ်မက်ဒရစ် TV က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ် TV က ''ဘာမှ မဟုတ်ပါဘူး။ ဘောလုံးက ဖြတ်သွားပါပြီ။ လီနိုကသာ ချူယာမန်နီကို ထိခဲ့တာပါ။ ပြဿနာက ဘာလဲဆိုတော့ VAR က ကွင်းအတွင်း ပုံရိပ်ကို ပြုပြင်ပြီး လီနိုကို ချူယာမန်နီက တက်နင်းခဲ့သလို ပြခဲ့တာပါ။ သေချာကြည့်မယ်ဆိုရင် ဒီဖြစ်ရပ်မှာ လီနိုရဲ့သဘာဝမကျတဲ့ ဒိုင်ဗင်ထိုးမှုကို မြင်တွေ့ရမှာပါ''ဟု ထုတ်လွှင့်ခဲ့သည်။
ယခုဖြစ်ရပ်မှာ ရီးယဲလ်အသင်းအနေဖြင့် အက်စ်ပန်ညိုအား ရှုံးနိမ့်သည့်ပွဲမှ ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် တိုင်ကြားပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရီးယဲလ်မက်ဒရစ် TV က ယခုဖြစ်ရပ်မှာ နောက်ထပ်အငြင်းပွားဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပြီး ၎င်းတို့ အနေဖြင့် ဘက်လိုက်သည့်ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်နေရကြောင်း ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။