
မန်စီးတီးနည်းပြ ဂွါဒီယိုလာက အင်္ဂလန်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်အား ပွဲကစားခွင့် အနည်းငယ်သာ ပေးနိုင်ခဲ့သည့်အတွက် စိတ်မကောင်းကြောင်းနှင့် ဂရီးလစ်ရှ်အနေဖြင့် ယခုထက် ပွဲကစားခွင့်ပိုမိုရရှိခဲ့သင့်ကြောင်း ပြောကြားခဲ့သည်။
ဂရီးလစ်ရှ်(၂၉ နှစ်)သည် ၂၀၂၁ နွေရာသီတွင် အက်စတွန်ဗီလာမှ မန်စီးတီးသို့ ပေါင်သန်း(၁၀၀)ဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း အသင်း၏ အမာခံကစားသမားအဖြစ် ရပ်တည်နိုင်ခြင်းမရှိခဲ့ပေ။
၎င်းအနေဖြင့် ယခုရာသီတွင် ပွဲကစားခွင့် ပိုမိုလျော့ကျလာခဲ့ပြီး (၁၂)ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့သည့်အပြင် ပွဲချိန်အားဖြင့် (၁၁၉၈)မိနစ်သာ ကစားခွင့်ရရှိထားကြောင်း သိရသည်။
ယင်းအတွက် ဂွါဒီယိုလာက ''သူ့ကို အခုထက် အခွင့်အရေးမပေးနိုင်ခဲ့တာ ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်သလို၊ သူ့ကို သဘောမကျလို့၊ မယုံကြည်လို့လည်း မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
ဂရီးလစ်ရှ်ကလည်း ၂၀၂၄ ခုနှစ်သည် မိမိအတွက် အခက်ခဲဆုံးနှစ်တစ်နှစ်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။