
ပယ်နယ်တီပေးသည့် ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် တူရကီကလပ် ဒီမီစပေါ်အသင်း ကွင်းအတွင်းမှ ထွက်ခွာခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားပြီးနောက် အသင်းဥက္ကဋ္ဌဖြစ်သူ ဘယ်ဒီဟန်ဘူရက်ခ်သည် ရာထူးမှ နုတ်ထွက်ခဲ့သည်။
တူရကီစူပါလိဂ်ပွဲစဉ်ဖြစ်သည့် ဂါလာတာစာရေး-အဒါနာဒီမီစပေါ်ပွဲတွင် ပယ်နယ်တီပေးသည့် ဒိုင်လူကြီး၏ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ဒီမီစပေါ်အသင်းက ဆက်မကစားဘဲ ကွင်းအတွင်းမှ ထွက်ခဲ့သောကြောင့် ပွဲရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
တူရကီစူပါလိဂ် ပွဲစဉ် (၂၃)ဖြစ်သည့် အဆိုပါပွဲကို ဖေဖော်ဝါရီ (၉) ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင် ဂါလာတာစာရေးအသင်းက (၁၂) မိနစ်တွင်ရရှိသည့် ပယ်နယ်တီဂိုးဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။
ယင်းဂိုးကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အေစီမီလန်မှ အငှားဖြင့် ရောက်ရှိလာသည့် စပိန်တိုက်စစ်မှူး မိုရာတာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပွဲဆက်ကစားနေစဉ် ပထမပိုင်း (၃၄)မိနစ်တွင် ဒီမီစပေါ်အသင်းနည်းပြက ကစားသမားများကိုခေါ်ယူ၍ ခေတ္တစကားပြောပြီးနောက် ကွင်းအတွင်းမှထွက်ခွာကာ အဝတ်လဲခန်းသို့ ဝင်ရောက်သွားခဲ့သည်။
ထို့အတွက် ဂါလာတာစာရေးကစားသမားများလည်း ကွင်းအတွင်းမှ ထွက်ခွာသွားပြီး ဒိုင်လူကြီးမှာလည်း လိုက်ပါသွားခဲ့သည်။
မိနစ် (၂၀)ခန့်အကြာ၌ ပွဲရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကွင်းအတွင်း အသိပေးကြေညာခဲ့သည်။
ဒီမီစပေါ်အသင်း ဒုဥက္ကဋ္ဌ ကော့မက်ဇ်က ကွင်းအတွင်းမှ ထွက်ခွာသွားသည့် ဆုံးဖြတ်ချက်မှာ ဂါလာတာစာရေးအသင်းကို မရည်ရွယ်ဘဲ ဒိုင်အဖွဲ့ကို ရည်ရွယ်သည်ဟု ဆိုခဲ့သည်။