Eleven Media Group

စီရော်နယ်လ်ဒိုကို ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ရက်ပိုင်းအတွင်း အတည်ပြုကြေညာဖွယ်ရှိနေ

Photo: X

အယ်လ်နာဆာအသင်းသည် အသင်းခေါင်းဆောင်ဖြစ်သူ စီရော်နယ်လ်ဒိုအား ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ရက်ပိုင်းအတွင်း အတည်ပြုကြေညာဖွယ်ရှိသည်။

စီရော်နယ်လ်ဒိုနှင့် အယ်လ်နာဆာအသင်းအကြား စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခြင်းကို အသင်းတာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါသတင်းတွင် အသင်းတာဝန်ရှိသူ၏ အမည်နှင့် ရာထူးကို ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

"ရော်နယ်လ်ဒိုရဲ့စာချုပ်ကို အသစ်ပြန်ချုပ်ဆိုဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်အထိတော့ လက်မှတ်မထိုးရသေးပါဘူး။ လာမယ့်ရက်ပိုင်းအတွင်းမှာ တရားဝင်ကြေညာဖို့ ရှိပါတယ်"ဟု အဆိုပါ အသင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒို၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်ဖြစ်သည့် ၂၀၂၅ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ၎င်းနှင့် အယ်လ်နာဆာအသင်း စာချုပ်သက်တမ်းတိုးမည့်သတင်းများမှာ ပြီးခဲ့သည့်လများကတည်းက မီဒီယာများထက်တွင် ပျံ့နှံ့လျက်ရှိ သည်။ မန်ယူ၊ ရီးယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်အသင်း ကစားသမားဟောင်းဖြစ်သူ စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက အယ်လ်နာဆာ အသင်းထံ ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ ၉၆ ကစားကာ ၈၈ ဂိုး သွင်းယူပေးထားခဲ့သည်။

ပြီးခဲ့သည့်သြဂုတ်လကတည်းက စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပြီးဆုံးသည်အထိ ကစားသွားမည်ဟု အတည်ပြုခဲ့သည်။ ၎င်းက ကစားသမားဘဝမှ အနားယူခြင်းမှာ နှစ်နှစ် သို့မဟုတ် သုံးနှစ် အတွင်း ဖြစ်နိုင်ကြောင်းလည်း ဝန်ခံခဲ့သည်။

ယခုရာသီတွင်လည်း အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲကစားကာ ၂၄ ဂိုး သွင်းယူထားပြီး ဆော်ဒီလိဂ်၌ ၁၈ ပွဲကစား၊ ၁၆ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ သို့သော် စီရော်နယ်လ်ဒိုအနေဖြင့် ဆော်ဒီပရိုလိဂ်သို့ သူရောက်ရှိလာပြီးနောက် နာမည်ကျော်များကို ဆွဲဆောင်နိုင်ခဲ့သော်လည်း အယ်လ်နာဆာအသင်းနှင့်အတူ အောင်မြင်မှုမည်မည်ရရ မရရှိသေးကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group