Eleven Media Group

ယခုရာသီ MNL ကလပ်အသင်းများအတွက်ကျင်းပသည့် ပြိုင်ပွဲသုံးခုစလုံးတွင် ဗိုလ်စွဲသည့်အသင်းအဖြစ် ရှမ်းယူနိုက်တက်အသင်း မှတ်တမ်းဝင်

Photo: Shan United Facebook

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၄- ၂၀၂၅ ရာသီတွင် MNL ကလပ်အသင်းများအတွက်ကျင်းပသည့် ပြိုင်ပွဲသုံးခုစလုံးတွင် ဗိုလ်စွဲသည့်အသင်းအဖြစ် ရှမ်းယူနိုက်တက်အသင်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်သည် ယခုရာသီတွင် ပြိုင်ပွဲအသစ်အဖြစ် MNL နှင့် MNL-2 ကလပ်အသင်းများပါဝင်သော MNL League Cup ပြိုင်ပွဲကို စတင်ကျင်းပပြီး MNL ကလပ်အသင်းများအတွက် MNL အမှတ်ပေးပြိုင်ပွဲ၊ MNL League Cup ပြိုင်ပွဲနှင့် MNL ယူ-၂၀ အမှတ်ပေးပြိုင်ပွဲတို့ ကျင်းပခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီ ပထမဆုံးပြိုင်ပွဲဖြစ်သည့် MNL League Cup ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းကို ဗိုလ်လုပွဲတွင် (၁-၀) ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံဆုရယူနိုင်ခဲ့သလို ဒုတိယမြောက်ပြိုင်ပွဲဖြစ်သည့် MNL ယူ-၂၀ လူငယ်အမှတ်ပေးပြိုင်ပွဲတွင်လည်း ချန်ပီယံ ဆုရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်လူငယ် အသင်းသည် MNL ယူ-၂၀ လူငယ်လိဂ် ပြိုင်ပွဲတွင် ရမှတ် ၅၂ မှတ်ဖြင့် ချန်ပီယံဆုရရှိ ခဲ့ပြီး ပြိုင်ပွဲမပြီးဆုံးမီ လက်ကျန်နှစ်ပွဲအလိုကတည်းက ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရှမ်းယူနိုက်တက် စီနီယာအသင်းမှာလည်း ယခုရာသီ ဒုတိယမြောက်ချန်ပီယံဆုအဖြစ် MNL အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲမပြီးဆုံးမီမှာပင် ချန်ပီယံဖြစ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် အောင်မြင်မှုများစွာ ပိုင်ဆိုင်ခဲ့ပြီး MNL ကလပ်များအတွက် ကျင်းပသည့် ပြည်တွင်းပြိုင်ပွဲအားလုံးတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်ကာ ထူးခြားသည့် အောင်မြင်မှုများ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက် စီနီယာအသင်းသည် တစ်ရာသီတည်း ဖလားနှစ်လုံး ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ရာသီတွင် ပထမအကြိမ်ရရှိ ပြီးနောက် ယခုရာသီတွင် ဒုတိယအကြိမ် ရရှိခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၇ ရာသီတွင် အမှတ်ပေးချန်ပီယံဆုနှင့် ရှုံးထွက်ချန်ပီယံဆုကို တစ်ရာသီအတွင်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တစ်ရာသီအတွင်း ဖလားနှစ်လုံးရယူနိုင်ခြင်းမှာ MNL ပြိုင်ပွဲသမိုင်းတွင် အသင်းနှစ်သင်းသာရှိပြီး ၂၀၁၁ ရာသီတွင် ရန်ကုန်ယူနိုက်တက် အသင်း၊ ၂၀၁၇ ရာသီနှင့် ၂၀၂၄-၂၀၂၅ ရာသီတွင် ရှမ်းယူနိုက်တက်အသင်းတို့က စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရှမ်းယူနိုက်တက်အသင်းသည် တစ်ရာသီအတွင်း ဖလားနှစ်လုံး အောင်မြင်မှုကို ဒုတိယအကြိမ် ရယူနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ချန်ပီယံဆုရခဲ့သည့် ရှမ်းယူနိုက်တက် အသင်းများအနက် MNL League Cup ချန်ပီယံအသင်းကို ဦးမျိုးလှိုင်ဝင်း၊ MNL အမှတ်ပေးချန်ပီယံအသင်းကို ဂျပန်နိုင်ငံသား ဟီရို၊ MNL ယူ-၂၀ လူငယ်လိဂ်ချန်ပီယံအသင်းကို ဦးကျော်ကျော်မင်းတို့က နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group