Eleven Media Group

လာမည့်ရာသီတွင် မန်ယူအသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းရမည်ကို စိုးရိမ်ကြောင်း ပေါလ်စခိုးလ် ဖွင့်ဟ

Photo: Football Talk

လာမည့်ရာသီတွင် မန်ယူအသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းသွားမည်ကို စိုးရိမ်ကြောက်ရွံ့မိကြောင်း အသင်းဂန္ထဝင် ကွင်းလယ်ကစားသမား ပေါလ်စခိုးလ်က ဖွင့်ဟခဲ့သည်။

ပေါလ်စခိုးလ်က လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ငါးဦးခန့် မခေါ်ယူလျှင် ယင်းအနေအထား နှင့် ကြုံတွေ့ရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်လာနိုင်သည့် ရာသီလမ်းကြောင်းပေါ် ရောက်ရှိနေသော်လည်း ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲတွင် နှစ်ပွဲအနိုင်ရရှိခြင်းကြောင့် ယခုရာသီ တန်းဆင်းအန္တရာယ်အတွက် အနည်းငယ်စိတ်အေးစရာဖြစ်ခဲ့သည်။

မန်ယူအသင်း အနေဖြင့် လက်ရှိတွင် ၂၉ မှတ်ဖြင့် အဆင့် ၁၃ နေရာ၌ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲမှ အဆင့် ၁၈ နေရာအသင်းဖြစ်သည့် လက်စတာအသင်းနှင့် ၁၂ မှတ် ကွာဟနေကြောင်း သိရသည်။

"စိုးရိမ်စရာ အနည်းငယ်တော့ ရှိပါတယ်။ သူ (အာမိုရင်မ်) လည်း လိုအပ်တာ အတော်များပါတယ်။ ကျွန်တော်တို့အားလုံး ဒါကိုသိပါတယ်။ အထူးသဖြင့် အပြောင်းအရွှေ့ကာလပေါ့။ ဂိုးသမားတစ်ယောက်၊ နောက်ခံအတွင်းလူ နှစ်ယောက်၊ ကွင်းလယ်လူ နှစ်ယောက်၊ တိုက်စစ်မှူး နှစ်ယောက်တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကွင်းလယ်လူက တစ်ယောက်နဲ့ တိုက်စစ်မှူးက တစ်ယောက်ပဲခေါ်ရင်လည်း ဖြစ်ပါတယ်"ဟု စခိုးလ်က ပြောကြားခဲ့သည်။

မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ်လက်အောက်တွင် အပြောင်းအရွှေ့အသုံးစရိတ်အတွက် ပေါင် သန်း ၆၀၀ ကျော် အသုံးပြုခဲ့သည်။ ပြီးခဲ့သည့်နှစ် နွေရာသီကာလမှာပင် ပေါင် သန်း ၂၀၀ သုံးစွဲခဲ့ခြင်း ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group