
FA ဖလား ပဥ္စမအဆင့်ပွဲစဉ်များ ထွက်ပေါ်လာပြီးနောက် မန်စီးတီးအသင်းက ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေပြီး လက်ရှိချန်ပီယံ မန်ယူအသင်းမှာ စတုတ္ထနေရာသာ ရပ်တည်နေကြောင်း သိရသည်။
FA ဖလား ပဥ္စမအဆင့်အတွက် ပွဲစဉ်များကို ပြီးခဲ့သည့်တနင်္လာနေ့က မဲနှိုက်ရေးဆွဲခဲ့ရာ စတုတ္ထအဆင့်၌ လီဗာပူးလ်အသင်းကို အနိုင်ယူခဲ့သည့် ပလိုင်းမောက်အသင်းသည် ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းနှင့် ဆုံတွေ့ခဲ့သည်။ FA ဖလား ပဥ္စမ အဆင့်တွင် ကလပ်အသင်း ၁၆ သင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ယခုအဆင့်ကို ကျော်ဖြတ် နိုင်ခဲ့ပါက ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။
FA ဖလား ပဥ္စမအဆင့်တွင် ပရီးမီးယားလိဂ်၏ Big Six အသင်းများထဲမှ မန်စီးတီးနှင့် မန်ယူတို့သာ ကျန်ရှိတော့ပြီး အာဆင်နယ်အသင်းမှာ တတိယအဆင့်တွင် လည်းကောင်း၊ လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် စပါးအသင်းတို့မှာ ပြီးခဲ့သည့် စတုတ္ထအဆင့် တွင်လည်းကောင်း ရှုံးနိမ့်ထွက်ခွာခဲ့ရပြီဖြစ်သည်။
FA ဖလား ပဥ္စမအဆင့်သို့ ပရီးမီးယားလိဂ်မှ ၁၂ သင်းနှင့် လိဂ်ချန်ပီယံရှစ်မှ လေးသင်း တက်ရောက်ထားကြောင်း သိရသည်။ ယင်းပဥ္စမအဆင့်ပွဲစဉ်များကို လာမည့် မတ် ၁ ရက်နှင့် ၂ ရက် ရက်သတ္တပတ်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပဥ္စ္စမအဆင့်ပွဲစဉ်များ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့သည့်ရာသီ ဒုတိယဆုရှင်ဖြစ်သည့် မန်စီးတီးအသင်းက ရး၄ လေးဖြင့် အပြတ်အသတ် ရေပန်းစားနေကြောင်း သိရသည်။ လိဂ်ဖလားဗိုလ်လုပွဲ တက်ရောက်ထားသည့် နယူးကာဆယ်အသင်းက ၅း၁ လေး ဖြင့် ဒုတိယနေရာတွင်ရှိပြီး ယင်းနောက်တွင် အက်စတွန်ဗီလာအသင်းက ရး၁ လေး၊ မန်ယူအသင်းက ၈း၁ လေး၊ ဘုန်းမောက်အသင်းက ၁ဝး၁ လေး၊ ဘရိုက်တန်အသင်းက ၁၂း၁ လေး၊ ဖူလ်ဟမ်အသင်းက ၁၄း၁ လေး အသီးသီး ရှိနေကြသည်။
ပဥ္စမအဆင့်ပွဲစဉ်များ
ပရက်စတန် - ဘန်လေ
အက်စတွန်ဗီလာ - ကာဒစ်ဖ်
ခရစ္စတယ်ပဲလေ့စ် - မီဝေါလ်
မန်ယူ - ဖူလ်ဟမ်
နယူးကာဆယ် - ဘရိုက်တန်
ဘုန်းမောက် - ဝုလ်ဗ်
မန်စီးတီး - ပလိုင်းမောက်
နော်တင်ဟမ် - အစ်ဝစ်ချ်