
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရီးယဲလ်မက်ဒရစ်အသင်းအား (၂) ကြိမ်တိုင်တိုင် ဦးဆောင်ပြီးမှ ပွဲအပြီးတွင် ရှုံးနိမ့်ခဲ့ခြင်းအတွက် အားလုံးတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဖေဖော်ဝါရီ (၁၁) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် Play-offs ပထမအကျော့ပွဲစဉ်တွင် လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်း၌ (၂) ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
မန်စီးတီးအသင်းသည် အဆိုပါပွဲစဉ်၌ ပွဲချိန် (၁၉) မိနစ်တွင် ဟာလန်း၏သွင်းဂိုးဖြင့် ပထမပိုင်းတွင် (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပိုင်း (၆၀) မိနစ်တွင် ဘာပေက ရီးယဲလ်မက်ဒရစ်အတွက် ချေပဂိုးသွင်းခဲ့သော်လည်း ပွဲချိန် (၈၀) မိနစ်တွင် ဟာလန်းက ပယ်နယ်တီမှတစ်ဆင့်မှ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူပေးခဲ့သည်။ ထို့ကြောင့် မန်စီးတီးအသင်းသည် ပွဲကို (၂-၁)ဂိုးဖြင့် ပြန်လည်ဦးဆောင်ခဲ့သော်လည်း (၈၆) မိနစ်တွင် ဘရာဟင်ဒီယက်ဇ်၊ (၉၀+၂) မိနစ်တွင် ဘယ်လင်ဟမ်တို့၏သွင်းဂိုးများကို ခွင့်ပြုခဲ့ရကာ ပွဲအပြီးတွင် (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက "ပွဲက ခက်ခဲပြီး ကျွန်တော်တို့ အနိုင်ရဖို့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပွဲတွေကို ဦးဆောင်ပြီးမှ ရှုံးနိမ့်ခဲ့တာတွေ အများကြီးပါ။ ဒီလိုအဆင့်မှာ ဒါက ခက်ခဲပါတယ်။ ပွဲကို ဦးဆောင်ပြီးမှ ရှုံးတာ ဒီပွဲမှာ ပထမဆုံးမဟုတ်ပါဘူး။ အခုလိုဖြစ်နေတာ တော်တော်များနေပါပြီ။ ပွဲပြီးခါနီးအထိ အနိုင်ရနေခဲ့ပေမဲ့ အနိုင်ရလဒ်ကို ကျွန်တော်တို့ မထိန်းနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အရင်ကလို အလုပ်မဖြစ်ဘူးဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ဒီရှုံးပွဲကနေ သင်ခန်းစာယူရမှာပါ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက အဆိုပါပွဲတွင် အနိုင်ရခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းကိုဂုဏ်ပြုကြောင်းလည်း ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် Play-offs ဒု-ကျော့အဖြစ် ဖေဖော်ဝါရီ (၁၉)ရက်တွင် ရီးယဲလ်ကို အဝေးကွင်း၌ ကစားရမည်ဖြစ်သည်။