Eleven Media Group

လာမည့်နွေတွင် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်အား ပေါင်သန်း (၁၀၀) ဖြင့် ခေါ်ယူရန် အာဆင်နယ်အသင်း စီစဉ်

Photo: Football-Italia

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီတွင် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ပေါင်သန်း(၁၀၀) ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်သတင်းစာ Fichajes က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီး ခဲ့သည့်နွေရာသီကတည်းက ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန်စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ခေါ်ယူနိုင်ခြင်းမရှိသေးပေ။

ယခုရာသီတွင် အာဆင်နယ်တိုက်စစ်ကစားသမားများ ဂိုးရရန် ရုန်းကန်နေရသည့်အတွက် ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူခြင်းမရှိသည့် အာဆင်နယ်အသင်း တာဝန်ရှိသူများနှင့် နည်းပြ အာတီတာတို့မှာ အသင်းပရိသတ်များ၏ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် အာဆင်နယ်အသင်းသည် လာမည့်နွေရာသီတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး အရခေါ်ယူလိုနေပြီး ယခုကတည်းက အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်အား ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်(၂၇ နှစ်)သည် အင်တာမီလန်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသည်။ ထို့ကြောင့် အာဆင်နယ်အသင်းသည် လော်တာရိုမာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၁၀၀) (ယူရိုသန်း ၁၂၀) အထိ ပေးချေရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group