
၂၀၂၄- ၂၀၂၅ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ်(၂၁) အတွက် တစ်ပတ်တာ အကောင်းဆုံးကစားသမားဆုကို အူထိုင်းထာနီအသင်း၏ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဖြစ်သူ အောင်သူ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
၂၀၂၄- ၂၀၂၅ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ်(၂၁) ကို ပြီးခဲ့သည့်ဖေဖော်ဝါရီ(၇၊ ၈၊ ၉၊ ၁၀) ရက်များက ကျင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အောင်သူ၏ အူထိုင်းထာနီအသင်းသည် ဖေဖော်ဝါရီ(၁၀) ရက်က ပွဲစဉ်(၂၁) အဖြစ် အိမ်ကွင်း၌ နောင်ဘူရာပစ်ချာရာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၃-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းပွဲတွင် တိုက်စစ်မှူးအောင်သူသည် အူထိုင်းထာနီအသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သလို ပွဲချိန်ပြည့်လည်း ကစားခွင့်ရခဲ့သည်။ အောင်သူသည် အူထိုင်းထာနီအသင်းရရှိသည့် ပထမဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့သလို ပွဲကစားချိန်(၇၈) မိနစ်တွင် အသင်းအတွက် တတိယအနိုင်ဂိုးကို ဂိုးဧရိယာအစပ်မှနေ၍ အနိမ့်ကန်သွင်းယူပေးခဲ့သည်။
အောင်သူသည် ယင်းပွဲတွင် ကိုယ်တိုင်တစ်ဂိုးသွင်းယူပေးခဲ့သလို ဂိုးရရှိအောင် တစ်ဂိုးဖန်တီးပေးခဲ့ယုံတင်မဟုတ်ပဲ အခွင့်အရေး ဖန်တီးပေးမှု(၅) ကြိမ်၊ ဂိုးပေါက်တည့်ကန်သွင်းမှု(၅) ကြိမ်၊ ဘောလုံးအတိုပေးပို့အောင်မြင် မှု(၉၆.၄) ရာခိုင်နှုန်း၊ ဘောလုံးဖြတ်တင်အောင်မြင်မှု(၃) ကြိမ် အစရှိသည့် စွမ်းဆောင်မှုများကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိုင်းလိဂ်ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းသည် ပွဲစဉ်(၂၁) အပြီး ပွဲ(၈) ပွဲထဲမှ တစ်ပတ်တာ အကောင်းဆုံးကစားသမားဆုကို အူထိုင်းထာနီအသင်း၏ မြန်မာတိုက်စစ်မှူးအောင်သူကို ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပွဲစဉ်(၂၁) အပြီးတွင် အောင်သူ၏ အူထိုင်းထာနီအသင်းသည် အမှတ်ပေးဇယားတွင် အဆင့်(၈) နေရာ၌ ရပ်တည်နေလျက်ရှိသည်။ အောင်သူသည် ယခုရာသီတွင် အူထိုင်းထာနီအသင်းအတွက် (၂) ဂိုးသွင်းယူထားသည်။