Eleven Media Group

ရီးယဲလ်ကို ကျော်ဖြတ်နိုင်မည်ဟု မန်စီးတီးကစားသမားများယုံကြည်နေကြောင်း အသင်းခေါင်းဆောင် ရူဘင်ဒီယက်စ် ပြောကြား

Photo: UEFA

မန်စီးတီးအသင်းခေါင်းဆောင် ရူဘင်ဒီယက်စ်က ၎င်းတို့အသင်းကစားသမားများအနေဖြင့် ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် Play-offs ပထမအကျော့တွင် အိမ်ကွင်း၌ ကစားခဲ့ရသော်လည်း ရီးယဲလ်မက်ဒရစ်အသင်းကို (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မန်စီးတီးအသင်းသည် အဆိုပါပွဲစဉ်တွင် ဟာလန်း၏သွင်းဂိုးများဖြင့် ရီးယဲလ်အသင်းကို (၂) ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ကျဂိုးများ ပြန်ပေးခဲ့ရကာ ပွဲအပြီးတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

သို့သော် မန်စီးတီးအသင်းခေါင်းဆောင် ဒီယက်စ်က ဘာနေဗျူးတွင် ကစားမည့် ဒုတိယအကျော့ပွဲစဉ်တွင် ရီးယဲလ်ကိုကျော်ဖြတ်နိုုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီယက်စ်က "အခုအချိန်မှာ ယုံကြည်မှုက အရေးအကြီးဆုံးပါပဲ။ ဘာနေဗျူးမှာ အရင်ကလည်း ကစားဖူးတာကြောင့် ဘယ်လိုကစားရမလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဘာပဲဖြစ်ဖြစ် မန်စီးတီးက မန်စီးတီး ဖြစ်နေတုန်းပါ။ ကျွန်တော်တို့သာ အနိုင်ရမယ်လို့ ယုံကြည်ထားမယ်ဆိုရင် အရာအားလုံးကို ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့မှာ ဘယ်အသင်းကိုမဆိုကျော်ဖြတ်နိုင်တဲ့ စွမ်းအားရှိပါတယ်။ အဲဒါကို ယုံကြည်ထားဖို့ပဲ လိုတာပါ"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group