Eleven Media Group

ယူရိုပါလိဂ် Play-offs အဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: Facebook

ဖယ်ရန်ဗာရို့စ် နှင့် ဗစ်တိုးရီးယားပယ်လ်ဇန် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

League Phase အဆင့်မှာ အထက်အောက် ရပ်တည်ခဲ့တဲ့နှစ်သင်း တွေ့ဆုံကြတာပါ။ ပယ်လ်ဇန်အသင်းက မန်ယူ၊ ဘီလ်ဘာအိုအသင်းတွေကိုသာ အရေးနိမ့်ခဲ့ပြီး ဆိုစီဒက်အသင်းကို အနိုင်ကစားကာ ဖရန့်ဖတ်ကိုလည်း အဝေးကွင်းမှာ သရေကစားနိုင်ခဲ့တယ်။ ဟန်ဂေရီကလပ် ဖယ်ရန်ဗာရို့စ်အသင်းက ချက်ကလပ် ပယ်လ်ဇန်အသင်းနဲ့ ယှဉ်ရင်တော့ ပွဲစဉ်ပိုချောင်ခဲ့တယ်လို့ ပြောရမယ့်အနေအထားပါပဲ။ ပယ်လ်ဇန်ကိုပဲ ရွေးချယ်ချင်တယ်။

မစ်ဂျီလန်း နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဆိုစီဒက်အသင်းက နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲဆက်တိုက် အနိုင်ပြန်ရထားတယ်။ ဆိုစီဒက်အနေနဲ့ အခုရာသီမှာ ဖလားပွဲတွေ အခြေအနေကောင်းနေတယ်လို့ ဆိုရမှာဖြစ်ပြီး စပိန်ဘုရင့်ဖလားပွဲလည်း ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်ထားခဲ့တယ်။ ဒါပေမဲ့ ဒီရာသီ ဥရောပပွဲ အဝေးကွင်းပွဲတွေမှာ ရလဒ်သိပ်မကောင်းဘဲ တစ်ပွဲသာ အနိုင်ရထားတယ်။ မစ်ဂျီလန်းကလည်း လတ်တလော အိမ်ကွင်းစွမ်းဆောင်ရည် နည်းနည်းပြန်ကျနေတယ်။ ဒိန်းမတ်မြေမှာ ကစားရတာဖြစ်လို့လည်း ဆိုစိဒက်အသင်း အမှားအယွင်းတွေ ရှိလာနိုင်တယ်။ အိမ်ရှင်ပဲ ကြိုက်တယ်။

ဆန်လွိုက်ဆီ နှင့် အေဂျက်စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဘယ်လ်ဂျီယံကလပ် ဆန်လွိုက်ဆီအသင်းရဲ့ အိမ်ကွင်းရလဒ်ပိုင်း အတော်ကောင်းပါတယ်။ ပြိုင်ပွဲစုံအိမ်ကွင်း (၁၀)ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့သလို၊ (၈)ပွဲအထိ အနိုင်ကစားခဲ့ပါတယ်။ ကစားသမားပိုင်းမှာ အေဂျက်စ်အသင်းက ပိုသာပေမဲ့ အဝေးကွင်းစွမ်းဆောင်ရည်က အတက်အကျများလို့ စောင့်ကြည့်ရမယ့် အနေအထားပါပဲ။ ဆန်လွိုက်ဆီက ပြိုင်ဘက်ကောင်းနဲ့ သိပ်မတွေ့ခဲ့လို့ အေဂျက်စ်အသင်းဘက်ကပဲ ရပ်တည်တာပိုကောင်းမယ်။

ဖီနာဘာချီ နှင့် အန်ဒါလက်ချ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

နာမည်ကျော်နည်းပြ မော်ရင်ဟိုကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းက ဒုတိယရာသီဝက်အတွက် ပြင်ဆင်မှုပိုင်းမှာ အတော်ပြုလုပ်ထားတယ်။ တာလစ္စကာ၊ ဒီယေဂိုကားလို့စ်၊ ရှကရီညာတို့လိုကစားသမားတွေ ရောက်လာလို့ အသင်းအင် အား ပိုတောင့်တင်းသွားတာတော့ သေချာပါတယ်။ အယ်လ်နာဆာအသင်းကနေ ရောက်လာတဲ့ တာလစ္စကာကလည်း ပွဲထွက်ကစားခွင့်ရတဲ့ နှစ်ပွဲစလုံး ဂိုးသွင်းယူထားခဲ့တယ်။ အန်ဒါလက်ချ်ကလည်း လတ်တလောမှာ အဝေးကွင်းခြေစွမ်း အနည်းငယ်ပြန်ကျလာနေတယ်။ ဖီနာဘာချီ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။

ပေါ်တို နှင့် ရိုးမား (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ရိုးမားအသင်းက ၀ါရင့်နည်းပြ ရာနီရေးရီလက်ထဲမှာ Rhythm အတော်မှန်နေတယ်။ ပြိုင်ပွဲစုံနောက်ဆုံး(၁၅)ပွဲမှာ (၃)ပွဲသာ အရေးနိမ့်ပြီး (၉)ပွဲအထိ အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာ အဝေးကွင်းဖြစ်ခဲ့တာကိုတော့ သတိပြု ရမယ်။ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားအမြောက်အမြား အားဖြည့်ထားပေမဲ့ ဇာလူစကီးလို ကစားသမားမျိုး လက်လွှတ်လိုက်ရတာက အသင်းအတွက် နစ်နာပါတယ်။ ပေါ်တိုကလည်း ဘရာဇီးလ်တိုက်စစ်ကစားသမား ဂယ်လေနိုလိုကစားသမားမျိုး အသင်းက ထွက်ခွာသွားခဲ့တယ်။ ရိုးမားအသင်း အဝေးကွင်းမှာ သရေရလောက်တယ်။

အယ်လ်ခမာ နှင့် ဂါလာတာစာရေး (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဂါလာတာစာရေးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၂၉)ပွဲမှာ (၂၀)ပွဲအထိ အနိုင်ကစားထားကာ (၈)ပွဲသရေကျပြီး တစ်ပွဲသာ အရေးနိမ့်ခဲ့တယ်။ ဒါပေမဲ့ ဂါလာတာစာရေးလိုအသင်းမျိုး Play-offs ကစားရတာကတော့ အတော်လေး အံ့အားသင့်စရာကောင်းတယ်။ အေစီမီလန်အသင်းကနေ အငှားလာကစားတဲ့ စပိန်ဝါရင့်တိုက်စစ်မှူး မိုရာတာကလည်း အသင်းနဲ့ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တယ်။ အယ်လ်ခမာအသင်းရဲ့လတ်တလော အိမ်ကွင်းရလဒ်တွေကလည်း အတော်ကောင်းမွန်တာ တွေ့ရတယ်။ ဂါလာတာစာရေးအသင်း ရှုံးဖို့တော့ မရှိပါဘူး။

PAOK နှင့် စတူအာဘူခါရက် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

PAOK အသင်းမှာ ဘာဘာရာမန်၊ ဆာမက်တာတို့လို ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေ ကစားနေကြတာပါ။ ဒါပေမဲ့ အသင်းလိုက်စုစည်းမှုသာရှိပြီး ကစားသမားတစ်ဦးချင်းအလိုက် အရည်အသွေးမှာ အတော်လေးအားနည်းတာ တွေ့ရတယ်။ စတူအာဘူခါရက်အသင်းက ပြိုင်ပွဲစုံ အဝေးကွင်း (၈)ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့ပေမဲ့ ဂရိကလပ်တွေရဲ့အိမ်ကွင်းအားက တစ်ပန်းသာလေ့ရှိတာ ထည့်တွက်ရပါမယ်။ PAOK အသင်းပဲ နိုင်ဖို့များတယ်။

FC တွမ်တီး နှင့် ဘိုဒယ်ဂလင့် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဒတ်ချ်ကလပ် FC တွမ်တီးအသင်းက ဒီရာသီ ယူရိုပါလိဂ် အိမ်ကွင်း(၅)ပွဲမှာ နောက်ဆုံးကစားတဲ့ ဘက်ဆစ်တက်အသင်းနဲ့ပွဲသာ အနိုင်ရခဲ့တယ်။ ရလဒ်ပိုင်းအရတော့ အားရစရာမရှိဘဲ ကံကောင်းထောက်မစွာ Play-offs ကစားခွင့် ရရှိခဲ့တာဖြစ်တယ်။ ဘိုဒယ်ဂလင့်အသင်းက ဒီရာသီ ယူရိုပါလိဂ်အဝေးကွင်း (၄)ပွဲမှာ မန်ယူအသင်းကိုသာ ကပ်အရေးနိမ့်ခဲ့ပြီး တခြားသုံးပွဲမှာ ငါးမှတ်အထိ ရယူနိုင်ခဲ့တယ်။ ဘိုဒယ်ဂလင့်ဘက်ကပဲ ရပ်တည်ချင်တယ်။

မူရင်းသတင်း — Eleven Media Group