
လီဗာပူးလ်နောက်ခံကစားသမားဟောင်း လိုဗရန်က လီဗာပူးလ်အသင်းသည် ၎င်း၏အသင်းဖော်ဟောင်း ဆာလာအပေါ် လုံလောက်သည့်လေးစားမှုမရှိကြောင်းနှင့် ဆာလာအနေဖြင့် အသင်းတွင် ဆက်နေရန်ထက် ထွက်ခွာရန် ပိုများနေကြောင်း ပြောကြားခဲ့သည်။
ဆာလာ(၃၂ နှစ်)သည် ယခုရာသီတွင် လီဗာပူးလ်အတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၃၅) ပွဲတွင် (၂၇) ဂိုးအထိ သွင်းယူထားသည်။
လီဗာပူးလ်အသင်းနှင့် ချုပ်ဆိုထားသည့် ဆာလာ၏လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးနေသော်လည်း အဆင်မပြေဖြစ်နေကြောင်း သိရသည်။
ဆာလာကိုယ်တိုင်က စာချုပ်သစ်အတွက် ဆွေးနွေးမှုမှာ သဘောတူညီမှုမရသေးဘဲ များစွာလိုသေးကြောင်း ပြောကြားထားသည်။
ယခုအခါ လီဗာပူးလ်အသင်းတွင် ဆာလာနှင့် (၃) နှစ်ကြာတွဲဖက်ကစားခဲ့ပြီး အခင်ဆုံးသူငယ်ချင်းဖြစ်သည့် လိုဗရန်က လီဗာပူးလ်အသင်းအနေဖြင့် ဆာလာအပေါ် လုံလောက်သည့်လေးစားမှုမရှိကြောင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။
လိုဗရန်က ''ဆာလာနဲ့ အဆက်အသွယ်ရှိတုန်းပါပဲ။ ဆာလာ တောင်းဆိုတဲ့ ပမာဏကို ကျွန်တော် အတိအကျမသိပေမဲ့ သူ ဘယ်လိုပဲတောင်းဆိုပါစေ သူနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ လက်ရှိမှာ ဆာလာက အသင်းမှာဆက်နေဖို့ထက် ထွက်ခွာဖို့ ပိုများပါတယ်။ လီဗာပူးလ်က သူ့အပေါ် လုံလောက်တဲ့ လေးစားမှု မရှိဘူးလို့ထင်ပါတယ်။ သူက အများကြီးရသင့်သူပါ''ဟု ပြောကြားခဲ့သည်။