
ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားသည့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အရက်သောက်သုံးခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ဖြစ်သူ မင်းသား ခါလစ်ဘင်ဘန်ဒါက ပြောကြားခဲ့သည်။
မင်းသား ခါလစ်က LBC နှင့်အင်တာဗျူးတွင် ပြိုင်ပွဲကာလအတွင်း ဟိုတယ်များအပါအဝင် မည်သည့်နေရာတွင်မှ အရက်ရောင်းချသွားမည်မဟုတ်ဟု ဖွင့်ဟခဲ့သည်။
''ရာသီဥတုကြောင့်လည်းဖြစ်တယ်။ နိုင်ငံက ပူပြင်းခြောက်သွေ့တဲ့ တိုင်းပြည်တစ်ခုပါ။ အရာရာတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု ရှိပါတယ်။ လူတွေကို ကျွန်တော်တို့ရဲ့ယဉ်ကျေးမှု ကန့်သတ်ချက်ဘောင်အတွင်းကနေ လိုက်လျောရတာကို ပျော်ရွှင်ကျေနပ်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုအတွက်တော့ ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကို မပြောင်းလဲစေချင်ပါဘူး''ဟု ခါလစ်က ပြောကြားခဲ့သည်။
၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၌ အရက်ကို ကွင်းထဲတွင်သာမက Fan Zone များ၊ ဟိုတယ်များတွင် ရောင်းချပေးခဲ့သည်။
ကျင်းပပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ (၂၂)ကြိမ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် နိုင်ငံပေါင်း (၁၈)နိုင်ငံ ရှိသွားပြီဖြစ်ကြောင်း သိရသည်။