Eleven Media Group

တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို PlayStation ထဲမှ ကစားသမားကဲ့သို့ ခြေစွမ်းမျိုးရှိသူဟု နည်းပြ အန်နရီကေး ချီးကျူး

Photo: X

PSG အသင်းနည်းပြ လူးဝစ်အန်နရီကေးက ဘရက်စ်အသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့သည့် အသင်းတိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီအား PlayStation ထဲမှ ကစားသမားကဲ့သို့ ခြေစွမ်းမျိုးရှိသူဟု ပွဲအပြီးတွင် ချီးကျူးခဲ့သည်။
အသက်(၂၇)နှစ်ရှိပြီဖြစ်သူ အူစမန်ဒမ်ဘီလီအနေဖြင့် PSG အသင်း၌ No.9 Role နေရာတွင် ကစားပြီးနောက် တောက်လျှောက်ခြေစွမ်းပြနေခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း ကစားခဲ့သည့် ပြိုင်ပွဲစုံ (၈)ပွဲတွင် (၁၅)ဂိုး သွင်းထားပြီး နောက်ဆုံး(၁၁) ပွဲ၌ (၁၈)ဂိုးအထိ သွင်းယူပေးထားခဲ့ကြောင်း သိရသည်။
''ခရစ္စမတ်ကာလမှာ ဘာတွေစားခဲ့သလဲဆိုတာ သူ့ကို မေးရမယ်။ သူဟာ ယုံကြည်မှုပြည့်ဝလွန်းတဲ့ ကစားသမားတစ်ယောက်ပါပဲ။ ကလေးဘဝက PlayStation ကစားခဲ့တာကို ပြန်သွားကြည့်ပါ။ ပွဲကို ပြောင်းလဲဖို့ တစ်စုံတစ်ရာ လိုအပ်ချိန်မှာ ရွေးချယ်လိုက်တဲ့ ကစားသမားအမျိုးအစားပါပဲ။ ပြီးခဲ့တဲ့ရာသီကလည်း သူဟာ ကောင်းခဲ့ပြီးသားပါ။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ သူက ပိုကောင်းလာပါတယ်။ အသင်းဖော်တွေက သူ့ကို ရှာပြီးရင်းရှာနေကြတာ တွေ့မှာပါ။ သူဟာ အပြစ်အနာအဆာကင်းတဲ့ အနေအထားမှာ ရှိပါတယ်''ဟု နည်းပြ အန်နရီကေးက ပြောကြားခဲ့သည်။
အူစမန်ဒမ်ဘီလီကလည်း သူ၏အသင်းဖော်များကို ချီးကျူးစကားဆိုခဲ့သည်။
''အသင်းဟာ အင်တိုက်အားတိုက် ကောင်းကောင်းကစားနိုင်နေပါပြီ။ အားလုံးက အာရုံစိုက်ကစားပြီး ကောင်းကောင်းလည်း ကစားနေကြတယ်။ ပြီးတော့ ကျွန်တော် ဂိုးတွေ သွင်းနိုင်အောင်လည်း ကူညီပေးကြပါတယ်''ဟု အူစမန်ဒမ်ဘီလီက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group