Eleven Media Group

တိုုက်စစ်မှူး ဒါဝင်နူးနက်ဇ်အတွက် ကမ်းလှမ်းမှုများကို လီဗာပူးလ် ပယ်ချခဲ့

Photo: Darwin Nunez X

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အတွက် အယ်လ်နာဆာအသင်း၏ (၂) ကြိမ်တိုင်တိုင်ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။
အယ်လ်နာဆာအသင်းသည် အက်စတွန်ဗီလာလူငယ်တိုက်စစ်မှူး ဒူရန်အား မခေါ်ယူမီ ဒါဝင်နူးနက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
Daily Mail ၏ ဖော်ပြချက်အရ အယ်လ်နာဆာအသင်းသည် ဒါဝင်နူးနက်စ်ကို ပေါင် (၆၄) သန်းကျော်ဖြင့် (၂) ကြိမ်တိုင်တိုင်ကမ်းလှမ်းခဲ့သော်လည်း လီဗာပူးလ်အသင်းက ပယ်ချခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ဒါဝင်နူးနက်ဇ်(၂၅ နှစ်)ကို ၂၀၂၂ တွင် ဘင်ဖီကာအသင်းမှ Add-ons ကြေးအပါအဝင် ပေါင် (၈၅) သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် ဒါဝင်နူးနက်ဇ်ကို သင့််တော်သည့် ပြောင်းရွှေ့ကြေးရရှိပါက ပြန်လည်ရောင်းထုတ်ရန် စီစဉ်ထားသော်လည်း ပြန်လည်အစားထိုးရန် မလွယ်ကူသည့် ဆောင်းရာသီစျေးကွက်တွင် ရောင်းထုတ်လိုခြင်းမရှိဘဲ နွေရာသီမှသာ ရောင်းထုတ်လိုကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group