Eleven Media Group

ဒူဘိုင်းလေ့ကျင့်မှုအစီအစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သည့် ဟာဗက်ဇ် ရာသီကုန်အထိ အနားယူရဖွယ်ရှိသောကြောင့် အာဆင်နယ်အသင်း အထောင်တိုက်စစ်အတွက် အခက်ကြုံ

Photo: X

အာဆင်နယ်အသင်း တိုက်စစ်ကစားသမား ဟာဗက်ဇ်သည် ဒူဘိုင်းလေ့ကျင့်မှုအစီအစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သောကြောင့် ရာသီကုန်အထိအနားယူရဖွယ်ရှိပြီး အထောင်တိုက်စစ်နေရာကစားနိုင်သူ တစ်ဦးမျှမရှိသည့်အခြေအနေ ရင်ဆိုင်နေရကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်က လိဂ်ဖလားပွဲစဉ်အပြီးတွင် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့သွားရောက်၍ လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ဂျာမနီလက်ရွေးစင်ကစားသမား ဟာဗက်ဇ် (၂၅ နှစ်) မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် လန်ဒန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဟာဗက်ဇ်၏ဒဏ်ရာကို Scan စစ်ဆေးမှုပြုလုပ်ခဲ့သည်။
ဒဏ်ရာအခြေအနေကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း ဗြိတိန်သတင်းဌာနများစွာက ခန့်မှန်းဖော်ပြလျက်ရှိပြီး ခွဲစိတ်ကုသရန်လို၊ မလို မဆုံးဖြတ်ရသေးကြောင်း သိရသည်။
အာဆင်နယ်အသင်းတွင် မာတင်နယ်လီ၊ ဆာကာ၊ ဂျေးဇူး စသည့်တိုက်စစ်ကစားသမားများမှာလည်း ဒဏ်ရာကြောင့်အနားယူနေရပြီး ဟာဗက်ဇ်ပါ ဒဏ်ရာထပ်မံရရှိသွားသဖြင့် အထောင်တိုက်စစ်နေရာတွင် ကစားနိုင်သူ တစ်ဦးမျှမရှိသည့်အခြေအနေ ရင်ဆိုင်နေရခြင်းဖြစ်သည်။
၎င်းတို့အနက် ဂျေးဇူးမှာ ဒူးအရွတ်(ACL) ဒဏ်ရာကြောင့် နိုဝင်ဘာမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိပြီး ဆာကာမှာ ပေါင်ဒဏ်ရာကြောင့် မတ်လကုန်အထိနှင့် မာတင်နယ်လီမှာလည်း ပေါင်ဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူရမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုက်စစ်ပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် တိုက်စစ်ကစားသမားအဖြစ် ထရိုဆက်၊ စတာလင်နှင့် နွမ်နယ်ရီတို့သုံးဦးသာကျန်ရှိပြီး ၎င်းတို့မှာလည်း အထောင်တိုက်စစ်နေရာတွင် ကစားသူများမဟုတ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းနည်းပြ အာတီတာကမူ အသက် ၁၇ နှစ်သာ ရှိသေးသည့် နွမ်နယ်ရီမှာ နံပါတ် ၉ နေရာတွင် ကစားသူဖြစ်လာနိုင်ကြောင်း ဒီဇင်ဘာလအတွင်း ပြောကြားထားဖူးသည်။
''သူက နံပါတ် ၉ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ အရှေ့မှာ သူကဂိုးတွေ သွင်းထားနိုင်တယ်။ သူက ဂိုးကိုကြည့်ပြီးတော့ ဂိုးပိုက်ရဲ့အနောက်ထဲ ဘောလုံးကိုထည့်နိုင်တဲ့ စွမ်းရည်အပြည့်အဝရှိပါတယ်'' ဟု အာတီတာက ဆိုသည်။
အာဆင်နယ်အသင်းသည် ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ဗီလာအသင်းမှ ဝက်ကင်စ်၊ နယူးကာဆယ်အသင်းမှ အီဆက်ခ်၊ ဝုလ်ဗ်အသင်းမှ ကူညာ၊ လိုက်ပ်ဇစ်အသင်းမှ ရှက်ရှကိုနှင့် ဘရိုက်တန်အသင်းမှ ဖာဂူဆန် စသည့်တိုက်စစ်ကစားသမားများစွာကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း တစ်ဦးမျှ ခေါ်ယူနိုင်ခြင်းမရှိသဖြင့် အခက်ကြုံရဖွယ်ရှိနေပြီဖြစ်သည်။

မူရင်းသတင်း — Eleven Media Group