
အဲဗာတန်အသင်း၏ ဂူဒီဆင်ပတ်ခ်ကွင်း၌ နောက်ဆုံးကစားရသည့် မာဆေးဆိုက်ဒါဘီပွဲစဉ်တွင် ရန်ပွဲဖြစ်ပွားမှုကြောင့် အနီကတ် လေးကတ်ပြသခဲ့ရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက်တွင် အဲဗာတန်နှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယင်းပွဲစဉ်မှာ ဒီဇင်ဘာလအတွင်း Darragh မုန်တိုင်းတိုက်ခတ်မှုကြောင့် ရွှေ့ဆိုင်းထားရသည့်ပွဲကို ပြန်လည်ကစားရခြင်းဖြစ်သည်။
အဲဗာတန်အသင်းသည် လာမည့်ရာသီတွင် ကွင်းသစ်သို့ ရွှေ့ပြောင်းမည်ဖြစ်သောကြောင့် ယခုပွဲစဉ်မှာ ၁၃၁ နှစ်သက်တမ်းရှိသည့် ဂူဒီဆင်ပတ်ခ်ကွင်း၌ နောက်ဆုံးကစားရသည့် မာဆေးဆိုက်ဒါဘီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပွဲအစ ၁၁ မိနစ်မှာပင် ဘီတိုက အိမ်ရှင်အဲဗာတန်အတွက် ဦးဆောင်ဂိုးစတင်သွင်းယူပြီး ၁၆ မိနစ်တွင် မက္ကာလစ္စတာက ချေပဂိုးနှင့် ၇၃ မိနစ်တွင် ဆာလာက ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့သည်။
အဲဗာတန်အတွက် အဖိုးတန်ချေပဂိုးကို ပွဲပြီးခါနီးနာကျင်အချိန် ပို ၉၀+၈ မိနစ်တွင် တာကောစကီးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
တာကောစကီး ဂိုးသွင်းယူပြီးနောက် အဲဗာတန်အသင်းကွင်းလယ်လူ ဒူကူရေက လီဗာပူးလ်အသင်းပရိသတ်များရှေ့တွင် လှောင်ပြောင်၍ အောင်ပွဲခံရာ ကာတစ်ဂျုံးစ်က တွန်းထိုးကာ ဟန့်တားမှုပြုလုပ်ခဲ့သည်။
ထို့နောက် နှစ်ဖက်အသင်းကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များပါ ရန်ပွဲတွင်ပါဝင်လာပြီး လုံခြုံရေးအရာရှိများက ဖျန်ဖြေတားဆီးခဲ့ရသည်။
ယင်းဖြစ်ရပ်တွင် အဓိကပါဝင်သူ ဒူကူရေနှင့် ကာတစ်ဂျုံးစ်တို့ နှစ်ဦးစလုံး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသလို ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကို စောဒကတက်ခဲ့သည့် လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့နှင့် လက်ထောက်နည်းပြ ဟူလ်ရှော့ဖ်တို့လည်း အနီကတ်ပြခံခဲ့ရသည်။
သို့ ဖြစ်ရာ အာနယ်ဆလော့မှာ ပွဲပြီးသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခွင့်မရခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်အမည်ဖြင့် ကျင်းပသည့် သက်တမ်းတစ်လျှောက် ဂူဒီဆင်ပတ်ခ်ကွင်း၌ မာဆေးဆိုက်ဒါဘီ ပွဲစုစုပေါင်း ၃၃ ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင်အဲဗာတန်အသင်းက ရှစ်ပွဲနှင့် လီဗာပူးလ်အသင်းက ၁၁ ပွဲအနိုင်ရကာ ၁၄ ပွဲ သရေကျခဲ့သည်။
အဆိုပါပွဲစဉ်များတွင် အဲဗာတန်အသင်းက ၃၅ ဂိုးနှင့် လီဗာပူးလ်အသင်းက ဂိုး ၄၀ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။