
ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျက်ဆန်၏ တံကောက်ကြောဒဏ်ရာမှာ ခန့်မှန်းထားသည်ထက် ပိုမိုပြင်းထန်သဖြင့် ခြောက်ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
ဆီနီဂေါလက်ရွေးစင်ကစားသမား ဂျက်ဆန် (၂၃ နှစ်) သည် ဖေဖော်ဝါရီ ၃ ရက်က ဝက်စ်ဟမ်းအသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ် လန်ဒန်ဒါဘီပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ကနဦးတွင် ၎င်း၏ဒဏ်ရာမှာ ပြင်းထန်မှုမရှိစေရန် မျှော်လင့်ကြောင်း နည်းပြဖြစ်သူ မာရက်စကာက ပြောကြားထားသော်လည်း Scan စစ်ဆေးမှုရလဒ်များအရ ခန့်မှန်းထားသည်ထက် ပိုမိုပြင်းထန်နေခြင်း ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ဂျက်ဆန်အနေဖြင့် ခြောက်ပတ်ခန့် အနားယူရဖွယ်ရှိပြီး မတ်လနိုင်ငံတကာရက်သတ္တပတ်အပြီးမှသာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းဌာနများက ခန့်မှန်းဖော်ပြလျက်ရှိသည်။
ဂျက်ဆန်မှာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုးဂိုးသွင်းယူပေးထားပြီး ပါလ်မာ (၁၄ ဂိုး) ပြီးလျှင် ဒုတိယဂိုးအများဆုံးအဖြစ် ရပ်တည်နေသူဖြစ်ရာ ၎င်း၏ဒဏ်ရာသတင်းမှာ ချယ်လ်ဆီးအသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့သည်။
ထို့ပြင် ဝက်စ်ဟမ်းအသင်းနှင့်ပွဲ၌ ဂျက်ဆန်နေရာတွင် လူစားလဲဝင်ရောက်ကစားခဲ့သည့် စပိန်လူငယ်တိုက်စစ်မှူး မက်ဂီအူ (၁၉ နှစ်) မှာလည်း ယင်းပွဲမှာပင် ပေါင်ခြံဒဏ်ရာရရှိခဲ့သည်။
၎င်းမှာလည်း ရက်သတ္တပတ်အချို့ သို့မဟုတ် လပိုင်းအထိ အနားယူရဖွယ်ရှိနေရာ ချယ်လ်ဆီးအသင်းတွင် နံပါတ် ၉ နေရာအတွက် ကစားသမားမရှိတော့ကြောင်း သိရသည်။