Eleven Media Group

ပေါလ်စခိုးလ် ဘာမှားခဲ့လဲ

Photos: The Sun

မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမား ပေါလ်စခိုးလ်ကတော့ ပြင်သစ်တိုက်စစ်မှူး မူပေးကို ဝေဖန်ခဲ့မိတဲ့အတွက် ပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ မူပေးက အဲဗာတန်အသင်းရဲ့ ကစားသမားဖြစ်ပြီး အခုတော့ မာဆေးလ်အသင်းမှာ အငှားကစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဘရန့်ဖို့ဒ်အသင်းမှာ အငှားကစားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်မှာကစားတုန်းက စပါးအသင်းကို ရှုံးနိမ့်တဲ့ပွဲမှာ သူနဲ့ အီဗန်တိုနေးတို့က တစ်ဂိုးစီသွင်းယူခဲ့ကြပါတယ်။ ဂိုးသွင်းအပြီး နှစ်ဦးသားအောင်ပွဲခံတော့ ပြိုင်ဘက်ကစားသမား မတ်ဒီဆန်ကို လှောင်ပြောင်တဲ့အနေနဲ့ မတ်ဒီဆန် အောင်ပွဲခံလေ့ရှိတဲ့ပုံစံအတိုင်း မြားပစ်တဲ့ပုံစံ အောင်ပွဲခံခဲ့ကြပါတယ်။ အာဆင်နယ်ကစားသမား လူးဝစ်စကယ်လီကလည်း မန်စီးတီးကို အနိုင်ရတဲ့ပွဲမှာ ဟာလန်းပုံစံ အောင်ပွဲခံခဲ့ပါတယ်။ ဒါကြောင့် စကယ်လီနဲ့ မူပေးတို့ ဘာတွေကွာခြားသလဲလို့ မေးတဲ့အခါ ပေါလ်စခိုးလ်က မူပေးက ငတုံးငအပါ၊ ဘာမှမဟုတ်ပါဘူးဆိုတဲ့ သဘောမျိုး မှတ်ချက်ပေးခဲ့ပါတယ်။ ဒီတော့ မူပေးက ''ပေါလ်စခိုးလ်က သူ့သမီးရဲ့ ခြေမကို ကိုက်နေရင်းက ကျွန်တော့်နာမည်ကို မှန်အောင်ပြောနိုင်တာ အံ့အားသင့်စရာပဲ''လို့ လူမှုကွန်ရက် X ကနေ တုံ့ပြန်ခဲ့ပါတယ်။

paul_scholes.png


ပေါလ်စခိုးလ်မှာ အခု အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ သမီးချောလေး အယ်လစ်စီယာ ရှိပါတယ်။ လွန်ခဲ့တဲ့ (၄)နှစ်လောက်တုန်းက သမီးလေးရဲ့ ခြေသည်းကို ပါးစပ်နဲ့ကိုက်ဖြတ်ပေးနေတဲ့ ဗီဒီယိုဖိုင်ကို ပေါလ်စခိုးလ်က True Love ဆိုတဲ့ စာသားနဲ့အတူ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ ဒါကိုရည်ညွှန်းပြီး မူပေးက ပေါလ်စခိုးလ်ကို တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။ ပေါလ်စခိုးလ်က သမီးလေးအပေါ် ဘယ်လောက်ချစ်ကြောင်း ပြသခဲ့တာဖြစ်ပေမဲ့ အဲဒီဗီဒီယိုဖိုင်က ဝေဖန်ပြစ်တင်စရာဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ ပေါလ်စခိုးလ် ဘာမှားခဲ့တာလဲ။ အဲဒီလို မလျော်ကန်တဲ့အပြုအမူ လုပ်ခဲ့မိတာကပဲ မှားတာလား။ တစ်ဖက်သားကို ချိုးချိုးနှိမ်နှိမ် မှတ်ချက်ပေးမိတာကပဲ မှားတာလား။ အခုတော့ ပေါလ်စခိုးလ် ခြေမကိုက်ခဲ့တဲ့အကြောင်းက ပြန်အစဖော်လိုက်သလို ဖြစ်သွားခဲ့ပါပြီ။

မူရင်းသတင်း — Eleven Media Group