Eleven Media Group

ဗီရိုနီကာရဲ့မျှော်လင့်ချက်လရောင် ထိန်ထိန်သာ

Photos: ONE & Facebook

လွန်ခဲ့တဲ့ငါးလလောက်က ဗီရိုနီကာဟာ Tiger မွေထိုင်းကလပ်အသင်းဖော် ဖာဘရစ်စီယိုအန်ဒရာဒီဆီကနေ ONE Championship ချန်ပီယံခါးပတ်ငှားပြီး ဓာတ်ပုံရိုက်ခံခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ဗီရိုနီကာက လူမှုကွန်ရက်မှာ တင်တဲ့အခါ သူ့ပရိသတ်တွေအတော်လေးသဘောကျခဲ့တယ်။ အခု ဗီရိုနီကာက သူများဆီက ချန်ပီယံခါးပတ်ငှားပြီးဓာတ်ပုံရိုက်ရတဲ့ဘဝနဲ့ ကျေနပ်မနေချင်တော့ဘူး။ သူကိုယ်တိုင်တိုက်ပွဲဝင်ဖို့ အသင့်ရှိနေပြီ။ ONE Championship ပထမဆုံးပွဲဟာ ဗီရိုနီကာရဲ့မျှော်လင့်ချက်လရောင်ကို ထိန်ထိန်သာစေပါတယ်။ ဗီရိုနီကာက ONE Championship ရဲ့ အက်တမ်ဝိတ်တန်းနာမည်ကျော် Phetjeeja နဲ့ Allycia Rodrigues ကို မကြောက်ဘူးလို့ ကြွေးကြော်လိုက်တယ်။ အဲဒီနှစ်ယောက်ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်သိမ်းပိုက်နိုင်အောင် ဗီရိုနီကာ ရည်ရွယ်နေတာပါပဲ။

456139235_528875293041074_1704190609611116249_n.jpg


Tiger မွေထိုင်းကလပ်အသင်းပိုင်ရှင်ကလည်း ဗီရိုနီကာက ONE Championship မှာ ချန်ပီယံခါးပတ်ရမယ်ဆိုတာယုံကြည်နေတယ်။ ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ Thai Fight နဲ့စာချုပ် သက်တမ်းကုန်ဆုံးခဲ့သူ ဗီရိုနီကာက မျှော်လင့်ထားတဲ့အတိုင်း ONE ပြိုင်ပွဲဆီရောက်လာပါတယ်။ အောင်လအန်ဆန်ခေတ်လွန် ONE ပြိုင်ပွဲမှာ ချန်ပီယံခါးပတ်ပိုင်ဆိုင်မယ့် မြန်မာနိုင်ငံကိုယ်စားပြု ဖိုက်တာအဖြစ် ဗီရိုနီကာအထူးရေပန်းစားနေတာပါ။ ဗီရိုနီကာက မွေထိုငိးသာမကဘဲ ကစ်ဘောက်ဆင်ပွဲတွေအတွက်ပါ အသင့်ဖြစ်နေတာပါ။ ဗီရိုနီကာက ''ONE နဲ့စာချုပ်ချုပ်ခွင့်ရတာ သိပ်ပြီးပျော်ရွှင်စရာကောင်းတယ်။ ကျွန်မရဲ့ပထမဆုံးပွဲအတွက်လည်း အတော်လေးစိတ်လှုပ်ရှားမိပါတယ်။ ကျွန်မက ONE ပွဲတွေကို အပတ်တိုင်းကြည့်လာတာ နှစ်တွေကြာနေပါပြီ။ အဲဒီပြိုင်ပွဲမှာ အမြဲတမ်းကစားချင်ခဲ့တာပါ။ အခု ONE နဲ့လက်တွဲခွင့်ရလို့ ကျွန်မရဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပါပြီ'' ဆိုပြီး Bangkok Post နဲ့အင်တာဗျူးမှာ ပြောခဲ့တယ်။
ဗီရိုနီကာကို မြန်မာပရိသတ်တွေယုံကြည်ပါတယ်။ Thai Fight မှာ သူလုပ်ပြထားတာတွေက အမိုက်စား၊ အကြမ်းးစားပါ။ မွေထိုင်းက ဗီရိုနီကာရဲ့ချစ်ဦးသူ မဟုတ်ပေမယ့် အချစ်ရဆုံးဖြစ်ခဲ့တယ်။ ချစ်ဦးသူ Boxing က ဗီရိုနီကာရဲ့ဘဝကို ပြည်စုံအောင် မထားနိုင်ခဲ့ဘူး။ ချစ်ဦးသူနဲ့ ဘဝတစ်ခု ထူထောင်ချင်ပေမယ့် ကံတရားကမျက်နှာသာ မပေးခဲ့ဘူး။ ပြည်တွင်းအခြေအနေကြောင့် ဗီရိုနီကာက အိမ်နီးချင်းထိုင်းနိုင်ငံဆီ ထွက်ခဲ့ပါတယ်။ အဲဒီမှာ အချစ်ရဆုံးသူနဲ့ ဗီရိုနီကာ ရေစက်ဆုံပါပြီ။ မွေထိုင်းအားကစားနည်းဟာ ဗီရိုနီကာရဲ့ဘဝကို မြင့်မားစေခဲ့ပါတယ်။ချစ်ဦးသူနဲ့ ချစ်ရဆုံးသူဟာ အသွင်သဏ္ဍာန်ချင်းတူညီသလိုရှိပေမယ့်အနှစ်သာရ ကွာခြားပါတယ်။ Boxing ရဲ့ ကန့်သတ်စည်းမျဉ်းတွေဟာ ရင်ခုန်သံကိုအမြင့်ဆုံး ဆွဲမခေါ်နိုင်ဘူး။

473807269_632963749298894_658883350303231028_n.jpg


တိုက်ခိုက်ရေးအားကစားနည်းတစ်ခုရဲ့ အခြေခံအကျဆုံးဖျော်ဖြေရေးက ကြမ်းတာရမ်းတာ ဆော်တာပဲဖြစ်လိမ့်မယ်။ အသည်းမာတဲ့ဖိုက်တာမျိုးဆိုရင် ပရိသတ်တွေ သိပ်ပြီးသဘောကျပါတယ်။ အဲဒီလိုအခြေခံအချက်တွေ ပြည့်စုံမှသာ နည်းစနစ်ကျွမ်းကျင်မှု၊ ပါးနပ်မှုစတဲ့ ဂုဏ်ရည်တွေအကြောင်း ပရိသတ်ကတွေးပါတယ်။ နိုင်ငံတကာခရီးသွားတွေ များပြားတဲ့ ထိုင်းနိုင်ငံ၊ ပတ္တရားမှာ MAX မွေထိုင်း ပရိုမိုးရှင်းပွဲတွေခြိမ့်ခြိမ့်သဲ ကျင်းပနေသလို၊ ONE ကလည်း ထိုင်းနိုင်ငံ၊ လုမ္ပဏီမှာ မွေထိုင်းပွဲတွေ ဆင်ယင်ကျင်းပပြီး ပရိုမိုးရှင်းလုပ်နေတယ်။ ဖိုက်တာတွေရဲ့ တိုက်ရည်ခိုက်ရည်နဲ့ အလဲထိုးစွမ်းရည်တွေက ဖျော်ဖြေရေးဆန်ဆန်မြင်ကွင်းကို ဖန်ဆင်းပေးနေတာပါ။ သုံးမိနစ်သုံးချီပွဲတွေမှာ ဖိုက်တာနှစ်ယောက်ရဲ့ ရေကုန်ရေခန်းအားထုတ်တာကိုမြင်ရတတ်တယ်။ အလဲထိုးနိုင်ရင် ဆုကြေးရတဲ့စနစ်ကြောင့်လည်း မွေထိုင်းပွဲတွေက ရင်ခုန်စရာဖြစ်နေတာပါ။ အခု ရင်ခုန်မျှော်လင့်ချင်စရာ မွေထိုင်းပင်လယ်ပြင်ထဲ ဗီရိုနီကာလက်ပစ်ကူးခွင့်ရပါပြီ။
ဖေဖော်ဝါရီလ ၁၄ ရက်မှာကျင်းပမယ့် ONE Friday Fights 97 မှာ ဗီရိုနီကာက ချီလီဖိုက်တာ ဗီရာနဲ့ ရင်ဆိုင်ရမှာပါ။ ဗီရာနဲ့ပထမဆုံးပွဲကို ကျော်လွန်ပြီး ဗီရိုနီကာက Phetjeeja နဲ့ Allycia Rodrigues ကို အနိုင်ယူမယ့်အကြောင်း ကြွေးကြော်နေတာ သူ့ကိုယ်သူ ယုံကြည်စိတ် ဘယ်လောက်ရဲလဲ သက်သေပြနေတာပါပဲ။ ထိုင်းဖိုက်တာ Phetjeeja က အက်တမ်ဝိတ်တန်းရဲ့ ကစ်ဘောက်ဆင်ချန်ပီယံခါးပတ်၊ ဘရာဇီးလ်ဖိုက်တာ Allycia Rodrigues ကမွေထိုင်းချန်ပီယံခါးပတ် ပိုင်ဆိုင်ထားတာပါ။ ဗီရိုနီကာက ''အခု ၂၀၂၅ ခုနှစ် အတွင်းမှာ ချန်ပီယံခါးပတ်ရအောင်ရည်မှန်းထားပါတယ်။ တစ်ပွဲပြီးတစ်ပွဲ အကောင်းဆုံးတိုက်ပွဲဝင်သွားပါမယ်။ Phetjeeja နဲ့ Allycia Rodrigues ကို ကျွန်မလေးစားပါတယ်။ သူတို့နှစ်ဦးစလုံးက ဖို်က်တာကောင်းတွေပါ။ ဒါပေမဲ့ သူတို့နှစ်ဦးစလုံးကို မကြောက်ပါဘူး။ သူတို်ကိုကျွန်မအနိုင်ယူနိုင်စွမ်းရှိပါတယ်'' လို့ ယုံကြည်ချက်ရှိရှိ ပြောတယ်။
ဗီရိုနီကာက ၂၀၂၅ ခုနှစ်အတွင်းမှာ ချန်ပီယံခါးပတ် ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်နေသလို၊ Tiger မွေထိုင်းကလပ်ပိုင်ရှင် ဗီရက်ဆာကူလက်တ်ကလည်း ၆ ပွဲအတွင်း ချန်ပီယံခါးပတ်ရလိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ဗီရက်က Tiger မွေထိုင်းကလပ်ကို ဗီရိုနီကာစတင်ရောက်လာတဲ့ ၂၀၂၂ ခုနှစ်ကတည်းက ပါရမီရှင်ဖိုက်တာဆိုတာ ရိပ်မိခဲ့ပါတယ်။ စွမ်းရည်ထက်မြက်တဲ့ ဗီရိုနီကာကို ONE မှာ ဗီရက်မြင်ချင်နေတာ ကြာပါပြီ။ အခု ဗီရိုနီကာရဲ့ ပထမဆုံးပွဲအတွက် ဗီရက်လည်း စိတ်လှုပ်ရှားပျော်ရွှင်နေတာပါ။ ဗီရိုနီကာက Tiger မွေထိုင်းကလပ်မှာ ကျင်လည်ခွင့်ရတာ မဟာကံထူးမှုပါပဲ။ Tiger မွေထိုင်းကလပ်က UFC အဆင့်ဖိုက်တာတွေကို လေ့ကျင့်ပေးဖူးတယ်။ ဗီရိုနီကာလည်း WBC ၊ WBO စူပါဘင်တန်ဝိတ်တန်းရဲ့ အကောင်းဆုံးအမျိုးသမီးဖိုက်တာ ဖြစ်လာခဲ့ပါတယ်။ Thai Fight ပွဲတွေမှာ အောင်ပွဲအလီလီ ပိုင်ဆိုင်ဖူးတဲ့ ဗီရို်နီကာက ONE မှာ သူ့ဇကို ထပ်ပြီး ပြသရမှာပါ။

472016171_620815383847064_6641178445774755365_n.jpg


သူနဲ့ရင်ဆိုင်ရမယ့် ချီလီဖိုက်တာ ဗီရာက ONE ပြိုင်ပွဲအတွေ့အကြုံရင့်ပေမယ့် မာဂုဏ် သိပ်မရှိဘူး။ တံတောင်ရိုက်ချက်တွေတော့ ဗီရိုနီကာ သတိထားရပါမယ်။ ဗီရာက ဗီရိုနီကာလိုပဲ ဆိုင်ထိုး ပြိုင်ထိုးတတ်သူဖြစ်ပြီး အသည်းဘယ်လောက်မာသလဲဆိုတာ စမ်းသပ်မယ့်ပွဲပါ။ ဗီရိုနီကာတို့ဘက်က ONE ဆီကနေစာချုပ်မျှော်လင့်ထားသလို၊ ဗီရာကလည်း ONE မှာရလဒ်ကောင်းအောင် ကြိုးစားပြီး စာချုပ်မျှော်လင့်နေပါတယ်။ ရည်ရွယ်ချက်ချင်း တူညီသူနှစ်ဦးရဲ့ပွဲဖြစ်လို့ အတော်လေး ကြည့်ကောင်းပြီး ကြမ်းမယ်လို့မျှော်လင့်ထားပါတယ်။ ဗီရာက ONE Friday Fights ငါးပွဲထိုးထားပြီး (၂) ပွဲနိုင်၊ (၃) ပွဲရှုံးထားပါတယ်။
ကိုဗစ်ကာလမှာ ပွဲတွေရပ်နားထားရပြီး မိသားစုအခက်အခဲကြောင့် ဗီရိုနီကာဟာ ဖီးနစ်လက်ဝှေ့ကလပ်မှာ Trainer အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ရက်မှာ ဖီးနစ်လက်ဝှေ့ကလပ်ကိုလာတဲ့ ဧည့်သည်တစ်ဦးက ဗီရိုနီကာကို ထိုင်းမှာ သွားလေ့ကျင့်ပြီးကစားဖို့ တိုက်တွန်းခဲ့တယ်။ အဲဒီလိုနဲ့ပဲ ဗီရိုနီကာဟာ Thai Fight ပြိုင်ပွဲမှာ မွေထိုင်းပွဲတွေထိုးလာခဲ့တာပါ။ လက်ရှိအချိန်အထိ မွေထိုင်း ၁၈ ပွဲနိုင်ထားပြီး ၂ ပွဲသာရှုံးခဲ့ပါတယ်။ ဗီရိုနီကာရဲ့နိုင်ပွဲ၁၈ ပွဲထဲမှာ အလဲထိုးပွဲ ၉ ပွဲအထိပါခဲ့တယ်။ Thai Fight မှာ ဗီရိုနီကာပိုင်ဆိုင်ထားတဲ့ အတွေ့အကြုံက အခုပွဲအတွက်အတော်လေးတန်ဖိုးရှိမှာပါ။ ပြိုင်ဘက်ဗီရာက Physical ပိုင်းမှာ အားသာချက်ရှိပေမယ့် ဗီရိုနီကာလောက် မာဂုဏ်မမြင့်နိုင်ပါဘူး။ ဗီရိုနီကာမနိုင်လောက်တဲ့ စွမ်းဆောင်ရည်ပိုင်ရှင်လည်းမဟုတ်ပါဘူး။

476278908_645767734685162_6825612168168104611_n.jpg


ONE နဲ့တရားဝင်စာချုပ်ချုပ်ပြီးနောက် ဗီရိုနီကာက ''မစောင့်နိုင်တော့ဘူး'' လို့ ပြောလိုက်တယ်။ သူ့ကိုအမြဲတမ်းအားပေးနေတဲ့ မြန်မာနိုင်ငံက ပရိသတ်တွေကိုလည်း ဗီရိုနီကာက အောင်ပွဲယူပြမယ်လို့ ကတိပေးထားတယ်။ ONE က ဗီရိုနီကာကို စာချုပ်ထဲ ၈ ပွဲအထိ ထိုးခွင့်ချုပ်ဆိုထားပါတယ်။ ပထမဆုံးပွဲမှာ ဗီရိုနီကာ အမှားခံလို့ မဖြစ်ပါဘူး။ Thai Fight မှာ အောင်ပွဲတွေရဖူးသလို၊ ONE မှာလည်း သူ့ရဲ့အစွမ်းအစကို ဗီရိုနီကာ ပြသနိုင်အောင် ကြိုးပမ်းရပါမယ်။ ပြိုင်ဘက်ဖရန်စီဆကာဗီရာက ONE မှာ သုံးပွဲရှုံးထားပေမယ့် အလဲထိုးတစ်ပွဲမှမရှုံးဖူးပါဘူး။ ဗီရိုနီကာက သူ့ကို အလဲထိုးနိုင်မလား ရင်ခုန်စရာပါ။ ONE အတွက် ဗီရိုနီကာက စျေးကွက်တန်ဖိုး မြင့်မားသူဖြစ်လာပါလိမ့်မယ်။ မြန်မာပရိသတ်ထုထည်ရဲ့တစ်ခဲနက်အားပေးပုံက ONE မျက်စိကျစရာဖြစ်နေတာကြာပါပြီ။ အောင်လအန်ဆန်နဲ့အတူ အမိုက်စားစျေးကွက်ပိုင်ဆိုင်ဖူးတဲ့ ONE အတွက် စိုးလင်းဦး၊ ဗီရိုနီကာတို့က နောက်ထပ်စျေးကွက်တန်ဖိုး မြင့်မားသူတွေဖြစ်နေတာပါ။ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလအတွင်းက ONE Friday Fights 81 ပွဲမှာ ဗီရိုနီကာက စိုးလင်းဦးနဲ့ သန့်ဇင်ကို လာပြီးအားပေးပါတယ်။ အဲဒီအချိန်တုန်းက သူ့ဘေးနားမှာ Selfie နဲ့ ဗီဒီယိုရိုက်သူ ပရိသတ်များစွာ ၀ိုင်းနေခဲ့ပါတယ်။ အဲဒီမြင်ကွင်းဟာ ONE ဘက်ကသဘောကျမယ့်စျေးကွက်တန်ဖိုးပါပဲ။ ဗီရိုနီကာရဲ့မန်နေဂျာအဖြစ်ဆောင် ရွက်မယ့်ဂျွန်နီဘက်စ်က ''ဗီရိုနီကာက ထူးခြားထက်မြက်တဲ့ စွမ်းရည်ပိုင်ရှင်ပါ။ သူ့လောက်ကြိုးစားသူ မတွေ့ဖူးဘဲ အသည်းကောင်းသူလည်းဖြစ်ပါတယ်''လို့ ချီးကျူးတယ်။
ဗီရိုနီကာက သူ့ရဲ့နောက်ဆုံးပွဲအဖြစ် ၂၀၂၄ ခုနှစ်၊ သြဂုတ်လထဲမှာ အာဂျင်တီးနားဖိုက်တာ ဂရီကို ကို အနိုင်ရထားပါတယ်။ ၂၀၂၃ ခုနှစိ၊ ဖေဖော်ဝါရီလထဲတိုးတဲ့ Thai Fight ပွဲမှာ ဘရာဇီးလ်ဖိုက်တာ ယူလေအဲဗတ်စ်ကို အနိုင်ရဖူးတယ်။ ဗီရိုနီကာက သူ့ရဲ့ ကစားသမားဘဝမှာ တောင်အမေရိကဖိုက်တာတွေကို မရှုံးဖူးဘူး။ ပွဲတိုင်းအနိုင်ရထားပါတယ်။ အခုပွဲမှာလည်း ဗီရိုနီကာက နိုင်ပွဲနဲ့အတူ သူ့ရဲ့ ONE Championship ပထမဆုံးပွဲကို စတင်ပါလိမ့်မယ်။

Ref: Bangkok Post & ONE Championship

မူရင်းသတင်း — Eleven Media Group