Eleven Media Group

ဂျော်ဂျန်ဆန်သည် အသင်း၏ နံပါတ်(၁)ဂိုးသမားဟု မာရက်စကာ အတည်ပြု

Photo: X

ချယ်လ်ဆီးနည်းပြ မာရက်စကာက လက်ရှိအချိန်တွင် ဂျော်ဂျန်ဆန်သည် အသင်း၏ နံပါတ်(၁)ဂိုးသမားဖြစ်သည်ဟု အတည်ပြုပြောကြားခဲ့သည်။
ဂျော်ဂျန်ဆန်(၂၂ နှစ်)သည် ပြီးခဲ့သည့် နွေရာသီကမှ ဗီလာရီးယဲလ်မှ ချယ်လ်ဆီးအသင်းသို့ ပေါင်သန်း(၂၀)ဝန်းကျင်ဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး စပိန်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်၏နောက် ဒုတိယဂိုးသမားအဖြစ် ရပ်တည်ခဲ့ရသည်။
သို့သော် ယခုအခါ ရောဘတ်ဆန်းချက်ဇ်အနေဖြင့် အမှားအယွင်းများပြားလာပြီး ပုံစံကောင်းပြသနိုင်ရန် ရုန်းကန်နေရသည့်အတွက် မာရက်စကာက ဂျော်ဂျန်ဆန်ကို ပထမဂိုးသမားအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
''ရောဘတ်က စိတ်ပိုင်းရော ရုပ်ပိုင်းပါ ပြန်လည်ထူထောင်မှုပြုလုပ်ဖို့ လိုအပ်နေပါတယ်။ နောက်ဆုံးပရီးမီးယားလိဂ်ပွဲမှာ ဖိလစ်(ဂျော်ဂျန်ဆန်)ကို အသုံးပြုခဲ့ပြီး FA ဖလားမှာ ရောဘတ်ကို သုံးခဲ့ပါတယ်။ လက်ရှိအခိုက်အတန့်မှာ ကျွန်တော်တို့ရဲ့ ဂိုးသမားက ဖိလစ်ပါ။ ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင်ကတည်းက ဖိလစ်ကို ကစားခိုင်းမယ်လို့ ရောဘတ်ကို ပြောခဲ့ပါတယ်။ ကျွန်တော် သူတို့နဲ့ ဘာမှ ထပ်မပြောတော့ပါဘူး။ အခြေအနေကို သူတို့သိပါတယ်''ဟု မာရက်စကာက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group