Myanmar Transparency News

အမေရိကန်နိုင်ငံအတွင်း TikTok လူမှုမီဒီယာပလက်ဖောင်းကို ပိတ်ပင်သွားဖို့အမိန့်ကို သမ္မတထရန့်က နှောင့်နှေးစေခဲ့ပြီးနောက် အမေရိကန်တွင် TikTok ဝန်ဆောင်မှုများ ပြန်လည်လည်ပတ်

၁၄.၂.၂၀၂၅
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု သမ္မတဒေါ်နယ်ထရန့်က တရုတ်ပိုင် TikTok လူမှုမီဒီယာပလက်ဖောင်းကို အ‌မေရိကန်နိုင်ငံအတွင်း ပိတ်ပင်သွားဖို့ အမိန့်ကိုနှောင့်နှေးစေခဲ့ပြီး နည်းပညာကုမ္ပဏီကြီးတွေကိုလည်း TikTok ကို ဖြန့်ချိမှုပြုတာ ဒါမှမဟုတ် ထိန်းသိမ်းမှုပြုတာတွေအတွက် ဒဏ်ရိုက်မှာမဟုတ်ဘူးလို့ အာမခံခဲ့အပြီးမှာတော့ အမေရိကန်နိုင်ငံရဲ့ အက်ပလီကေးရှင်းဝက်ဘ်ဆိုတ်တွေဖြစ်တဲ့ Apple နဲ့ Google တို့မှာ TikTok လူမှုမီဒီယာ ပလက်ဖောင်းကို ဖေဖော်ဝါရီလ ၁၃ ရက်မှာ ပြန်လည်တွေ့ရှိလာရပါတယ်။

အမေရိကန်ပြည်ထောင်စုလူဦးရေရဲ့ ထက်ဝက်နီးပါးအထိ အသုံးပြုနေကြတဲ့ TikTok လူမှုမီဒီယာအနေနဲ့ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်မှုရှိတဲ့အတွက် ပိုင်ရှင် ByteDance ကုမ္ပဏီကို အမေရိကန် ကုမ္ပဏီတစ်ခုခုထံ ပြန်လည်ရောင်းချဖို့ ဒါမှမဟုတ်ရင် အမေရိကန်နိုင်ငံအတွင်းပိတ်ပင်သွားဖို့ ဇန်နဝါရီလ ၁၉ ရက်မှာ စတင်အကျိုးသက်ရောက်ခဲ့တဲ့မတိုင်ခင်မှာဘဲ TikTok ရဲ့ လှုပ်ရှားမှုတွေ အားလုံးကလည်း အမေရိကန်မှာ ရပ်ဆိုင်းခဲ့ရပါတယ်။

သမ္မတ ထရန့်က သူ့ရဲ့အစိုးရအနေနဲ့ သင့်လျော်တဲ့လမ်းစဉ်ကို ချမှတ်ဆုံး‌ဖြတ်နိုင်ဖို့ ခုလို TikTok ကို ၇၅ ရက် ကာလအတွင်း အရေးယူမှုတစ်စုံတစ်ရာမပြုဖို့ နှောင့်နှေးဆိုင်းငံ့စေခဲ့တာက TikTok ရဲ့ လုပ်ငန်းတွေကို အမေရိကန်နိုင်ငံအတွင်း ခေတ္တပြန်လည်လည်ပတ်လာစေခဲ့တာလည်း ဖြစ်ပါတယ်။ ထရန့်ရဲ့ အာမခံချက်အပြီး ဖေဖော်ဝါရီလ ၁၃ ရက် ညနေပိုင်းမှာတော့ TikTok က Apple App Store နဲ့ Google Play Store တို့ကို ပြန်လည်ရောက်ရှိလာတာပါ။

TikTok က ၂၀၂၄ ခုနှစ်အတွင်းက ဒေါင်းလုဒ်ပြုလုပ်သူ ဒုတိယအများဆုံး အက်ပလီကေးရှင်းဖြစ်ခဲ့ပြီး ၅၂ သန်းကျော်ရှိခဲ့ပါတယ်။

TikTok ကို အရေးယူမှုတစ်စုံတစ်ရာမပြုဖို့ ၇၅ ရက်ကြာဆိုင်းငံ့ထားမှုကို ထပ်မံပြီး သက်တမ်းတိုးချဲ့မှုလည်း ပြုကောင်းပြုနိုင်တယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ထရန့်ကပြောခဲ့ပါတယ်။ ဒါ‌ပေမယ့် ဒါကလည်း မလုပ်မဖြစ်လုပ်ရမယ့်ဟာမျိုး မဖြစ်နိုင်ပါဘူးလို့ သူကဆိုခဲ့ပါတယ်။

ဒီဆောင်ရွက်မှုနဲ့ပတ်သက်လို့ TikTok ဘက်ကတော့ တစ်စုံတစ်ရာပြန်လည်ပြောကြားမှုမရှိသေးပါဘူး။

Ref-Yahoo news

မူရင်းသတင်း — Myanmar Transparency News