Eleven Media Group

■ ဗင်နီစီယပ်စ်ကို တစ်နှစ်လစာ ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းရန် ဆော်ဒီ စီစဉ်

ဆော်ဒီဘောလုံးလောကမှ တာဝန်ရှိသူများသည် ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို တစ်နှစ်လစာ ယူရိုသန်း(၂၀၀)ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် အသက် (၂၄) နှစ်အရွယ်ရှိ ဗင်နီစီယပ်စ်အား ခေါ်ယူရန် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလများကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဗင်နီစီယပ်စ်သည် လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရသည်။

ဗင်နီစီယပ်စ်အနေဖြင့် ရီးယဲလ်အသင်းနှင့် သက်တမ်းတိုးရန် နီးစပ်နေပြီဟု သတင်းထွက်နေသော်လည်း ဆော်ဒီကလပ်အသင်းများကမူ ၎င်းကို လာမည့်နွေရာသီတွင် တန်ဖိုးကြီးမားသည့် ပြောင်းရွှေ့ကြေးပမာဏ၊ လစာနှုန်းထားတို့ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း စပိန်မီဒီယာ Marca က ဖော်ပြခဲ့သည်။

စီရော်နယ်လ်ဒိုကို အယ်လ်နာဆာအသင်း ခေါ်ယူခဲ့စဉ်ကနည်းတူ ဆော်ဒီတာဝန်ရှိသူများက ကူညီထောက်ပံ့မှု ပြုလုပ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများသည် ဗင်နီစီယပ်စ်အား တစ်နှစ်လစာ ယူရိုသန်း (၂၀၀) အပြင် ပြောင်းရွှေ့ကြေးကို ကမ္ဘာစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ယူရိုသန်း (၃၀၀) အထိ ပေးချေရန် အသင့်ရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group