
အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်း တိုက်စစ်မှူးသစ် မခေါ်ယူနိုင်ခြင်းနှင့် အက်စတွန်ဗီလာတိုက်စစ်မှူး ဒူရန် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့သွားခဲ့ခြင်းအတွက် အံ့အားသင့်မိကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ထိပ်တန်းတိုက်စစ်မှူး လိုအပ်ချက်ရှိနေခြင်းနှင့် တိုက်စစ်ကစားသမားအချို့ ဒဏ်ရာရရှိနေခြင်းတို့ကြောင့် တိုက်စစ်မှူးသစ် မဖြစ်မနေခေါ်ယူလိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြသော်လည်း ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေ။
ယင်းအခြေအနေတွင် အထောင်တိုက်စစ်မှူးအဖြစ် ကစားနေသော ဂျာမန်ကစားသမား ဟာဗက်ဇ်မှာလည်း လေ့ကျင့်ရေးအစီအစဉ်တွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ရာ အာဆင်နယ်အသင်းအတွက် ကြီးမားသည့်ဟာကွက် ဖြစ်ပေါ်လာခဲ့သည်။
အာစင်ဝင်းဂါးက "သင့်တော်တဲ့ကစားသမားကို ခေါ်ယူနိုင်တဲ့ အခွင့်အရေးရှိခဲ့ပေမဲ့ အာဆင်နယ်အသင်း မခေါ်ယူနိုင်ခဲ့တာတော့ အံ့အားသင့်စရာကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။
ကိုလံဘီယာလူငယ်တိုက်စစ်မှူး ဒူရန်သည် အသက် (၂၁) နှစ်သာ ရှိသေးသော်လည်း ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ Add-ons ကြေးများအပါအဝင် ပေါင်သန်း (၇၀) ကျော်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ဒူရန်နှင့်ပတ်သက်၍မူ "ပရီးမီးယားလိဂ်ကနေ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့သွားတာကြောင့် ဒါက အံ့အားသင့်စရာကောင်းပါတယ်။ ဒါပေမဲ့ သူတို့(ဆော်ဒီ)ကို ဂုဏ်ပြုပါတယ်။ သူတို့အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်မှုပါပဲ"ဟု ပြောကြားခဲ့သည်။