
ရီးယဲလ်တိုက်စစ်မှူး ဘာပေသည် အာဆင်နယ်အသင်းမှ ပြင်သစ်နောက်ခံလူ ဆာလီဘာကို ခေါ်ယူရန် ရီးယဲလ်အသင်းအား တိုက်တွန်းမှုပြုလုပ်ထားကြောင်း ပြင်သစ်မီဒီယာ Le10Sport က ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်းသည် အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနေသည့် ဆာလီဘာကို အစောပိုင်းကတည်းက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။
ယခုအခါ ဘာပေ၏ တိုက်တွန်းမှုကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဆာလီဘာအား ခေါ်ယူရန် အရှိန်မြှင့်ကြိုးပမ်းလာဖွယ်ရှိကြောင်း သိရသည်။
အသက် (၂၃) နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံကစားသမား ဆာလီဘာသည် အာဆင်နယ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။
အာဆင်နယ်အသင်းကမူ ဆာလီဘာအား နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရရှိမှာသာ လက်လွှတ်ဖွယ်ရှိကြောင်း သိရသည်။
လက်ရှိ ဘောလုံးလောကတွင် ကမ္ဘာစံချိန်တင်နောက်ခံလူအဖြစ် မန်ယူနောက်ခံကစားသမား မက်ဂွိုင်းရား မှတ်တမ်းဝင်နေပြီး ၂၀၁၉ နွေရာသီတွင် လက်စတာအသင်းမှ မန်ယူအသင်းထံသို့ ပေါင်သန်း (၈၀) ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အနေဖြင့် ဆာလီဘာအား ပေါင် (၈၅) သန်း (ယူရိုသန်း ၁၀၀) အထိ ပေးချေရန် အသင့်ရှိနေကြောင်းလည်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။