Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

လက်စတာ - အာဆင်နယ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၇:၀၀ နာရီ)
အာဆင်နယ်က မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီးနောက် ဘာပွဲမှ မကစားထားဘဲ အရှေ့အလယ်ပိုင်းမှာ သွားအနားယူစခန်းဝင်လေ့ကျင့်ခါမှ ကိုင်ဟာဗက်ဇ်ရဲ့ ဒဏ်ရာသတင်းကို ကြားရတယ်။ ဒါပေမဲ့ လက်ရှိ အာဆင်နယ်ရဲ့ ကစားသမားစုဖွဲ့မှု၊ လူငယ်တွေကို ပိုပြီး ရဲရဲတင်းတင်းသုံးလာလို့ ပိုတောင့်လာတဲ့ Squad Profile အရဆိုရင် ပြဿနာမရှိပါဘူး။ အာဆင်နယ် နိုင်မယ်။


အက်စတွန်ဗီလာ - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၉:၃၀ နာရီ)
အက်စတွန်ဗီလာအသင်းရဲ့ တိုက်စစ်ပိုင်းက တော်တော်လေး ကြောက်စရာကောင်းတယ်။ FA ဖလားပွဲမှာ ဘိုင်လေ၊ ရမ်ဆေးတို့ကို ဦးစားပေးသုံးခဲ့ချိန် အားကောင်းသလို၊ ရပ်ရှ်ဖို့ဒ်-အဆန်စီယိုအတွဲဝင်လာချိန်မှာလည်း ပိုတောင်အားကောင်းတဲ့ ပုံစံကို မြင်ရတယ်။ ဒီပွဲက ရပ်ရှ်ဖို့ဒ်တို့အတွဲနဲ့ မော်ဂန်ရိုဂျာစ်၊ မက်ဂင်၊ ဝက်ကင်စ်တို့ ပွဲထွက်လာမယ် ထင်တယ်။ ဗီလာ ဂိုးပြတ်၊ မပြတ် ကြည့်ရမယ်။


ဖူလ်ဟမ် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၉:၃၀ နာရီ)
ဖူလ်ဟမ်အသင်းက ဥရောပဝင်ခွင့် တစ်နေရာ မျှော်လင့်လို့ရတဲ့အခြေအနေဆိုပေမဲ့ တကယ်တော့ အခုကာလမှာ ပွဲကျပ်တွေ ဆက်တိုက်ကစားပြီးချိန်မှာ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို စောင့်ကြည့်ရမယ်။ လက်ရှိ ခြေစွမ်းနဲ့ ရလဒ်ပိုင်းအရတော့ နော်တင်ဟမ်အသင်းက ပုံစံကောင်းပြနေချိန်ဆိုရင်တောင် ဖူလ်ဟမ်က ကောင်းကောင်းယှဉ်ကစားနိုင်ပါတယ်။ ဖူလ်ဟမ်ကို ကြိုက်တယ်။


မန်စီးတီး - နယူးကာဆယ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၉:၃၀ နာရီ)
မန်စီးတီးက ပွဲကျပ်တွေကို ဆက်လက်ဖြတ်သန်းရတော့မယ်။ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပွဲအပြီးမှာ အခု နယူးကာဆယ်နဲ့ပွဲကို ကစားရပြီး၊ အဲဒီနောက်မှာလည်း လီဗာပူးလ်၊ စပါး၊ နော်တင်ဟမ်ဖောရက်စ်တို့ကို ဆက်လက်ကစားသွားရမယ်။ အသင်းလိုက် စိတ်ဓာတ်ပိုင်းကျဆင်း၊ ယုံကြည်မှုကျဆင်းပြီး နယူးကာဆယ်နဲ့ပွဲမှာခြေပျက်သွားမလား၊ အာဆင်နယ်၊ ရီးယဲလ်မက်ဒရစ်တို့လိုအသင်းတွေကို ရှုံးခဲ့တဲ့အခြေအနေကနေ ပြန်ပေါက်ကွဲပြနိုင်မလားဆိုတာကို စောင့်ကြည့်ရမယ်။ သေချာတာကတော့ နယူးကာဆယ်က ကစားသမားအင်အားတောင့်တယ်၊ ကစားအားကောင်းတယ်၊ မာကျောတယ်ဆိုတဲ့အသင်းမျိုးပါ။ န ယူးကာဆယ်ရဲ့အားနည်းချက်က အဝေးကွင်းအားနည်းတာဆိုပေမဲ့ အခုအချိန်မှာ နယူးကာဆယ်က အိမ်ကွင်းမှာ နည်းနည်း ရုန်းကန်နေရပြီး အဝေးကွင်းမှာ ရလဒ်တက်လာတယ်။ ဒီပွဲက မန်စီးတီးကွင်းဆိုပေမဲ့ သရေကျသွားနိုင်တယ်။


ဆောက်သမ်တန် - ဘုန်းမောက် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၉:၃၀ နာရီ)
ရလဒ်တွေ ဆက်တိုက်ကောင်းနေတဲ့ ဘုန်းမောက် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းကို ရှုံးခဲ့ပေမဲ့ FA ဖလားပွဲမှာ အဲဗာတန်ကို အနိုင်ယူပြီး မှန်ကန်တဲ့ တုံ့ပြန်မှုကို ပြသနိုင်ခဲ့တယ်။ ဆောက်သမ်တန်ရဲ့ ခံစစ်အားနည်းပြီး ပြိုပျက်လွယ်တဲ့ ကစားဟန်ကို ဘုန်းမောက်က အဝေးကွင်းမှာ ဖြစ်နေရင်တောင် ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်။ ဘုန်းမောက်ပဲ ကြိုက်တယ်။


ဝက်စ်ဟမ်း - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၉:၃၀ နာရီ)
ဂရေဟမ်ပေါ်တာလက်ထက်မှာ ဝက်စ်ဟမ်းရဲ့ကစားပုံက ဖျော်ဖြေမှုဘက်ကို နည်းနည်းချင်း ပြန်သွားနေတာကိုတွေ့ရတယ်။ ဒါပေမဲ့ ရလဒ်တွေကတော့ ထင်သလောက် တိုးတက်မလာသေးဘူး။ အထူးသဖြင့် ခံစစ်ပိုင်းမှာ ပြုပြင်ရမှာတွေရှိသေးတယ်။ ဘရန့်ဖို့ဒ်ကတော့ အဝေးကွင်းမှာ သာမန်ပါပဲ။ ကစားပုံကောင်းပေမဲ့ အားပျော့ပါတယ်။ ဝက်စ်ဟမ်းကို ကြိုက်တယ်။


ခရစ္စတယ်ပဲလေ့စ် - အဲဗာတန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၁၂:၀၀ နာရီ)
ခရစ္စတယ်ပဲလေ့စ်ရဲ့အဝေးကွင်းမှတ်တမ်းက ကြောက်စရာတောင်ကောင်းတယ်။ ဒီဇင်ဘာက စတွက်ရင် အသင်း (၂၀)ထဲမှာ အကောင်းဆုံးဖြစ်နေတယ်။ အိမ်ကွင်းရလဒ်ကလည်း ထင်သလောက်မညံ့ပါဘူး။ ပဲလေ့စ်က တော်တော်လေးကို အားကောင်းလာတယ်။ အဲဗာတန်ကလည်း FA ဖလားပွဲမှာ ဘုန်းမောက်ကို ရှုံးခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ (၃) ပွဲ ဆက်နိုင်ပွဲရထားတဲ့အသင်းပါ။ ဒါပေမဲ့ ပဲလေ့စ်ကိုပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group