Eleven Media Group

မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ်မှ ဒိုင်လူကြီး၏ အစီရင်ခံစာအပေါ်မူတည်၍ လီဗာပူးလ်နည်းပြ အာနယ်ဆလော့၏ ပွဲပယ်ပြစ်ဒဏ် ထပ်တိုးဖွယ်ရှိ

Photo: The Sun

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့၏ ပွဲပယ်ပြစ်ဒဏ်မှာ မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ်မှ ဒိုင်လူကြီး၏ အစီရင်ခံစာအပေါ် မူတည်၍ ထပ်တိုးနိုင်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်က ယှဉ်ပြိုင်ကစားသည့် အဲဗာတန် (၂-၂) လီဗာပူးလ် မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်အပြီးတွင် နှစ်ဖက်အသင်း ကစားသမားများ ရန်ပွဲဖြစ်ပွားမှုကြောင့် အနီကတ်လေးကတ် ပြသခဲ့ရသည်။ ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၀+၈ မိနစ်တွင် အဲဗာတန်အတွက် ချေပဂိုးကို တာကောစကီးသွင်းယူပြီးနောက် ဒူကူရေက လီဗာပူးလ်အသင်းပရိ သတ်များရှေ့တွင် လှောင်ပြောင်၍အောင်ပွဲခံရာ ကာတစ်ဂျုံးစ်က ပြေးဝင်လာပြီး တွန်းထိုးကာ ဟန့်တားမှုပြုလုပ်ခဲ့သည်။

ထို့နောက် နှစ်ဖက်အသင်းကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များပါ ရန်ပွဲတွင်ပါဝင်လာပြီး လုံခြုံရေးအရာရှိများက ဖျန်ဖြေတားဆီးခဲ့ရသည်။ ယင်းဖြစ်ရပ်တွင် အဓိကပါဝင်သူ ဒူကူရေနှင့် ကာတစ်ဂျုံးစ်တို့နှစ်ဦးစလုံး နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသလို ပွဲအပြီးတွင် ကွင်းအတွင်း သို့ဝင်လာ၍ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကို စောဒကတက်ကာ လက်ဆွဲနှုတ်ဆက်ခဲ့သည့် လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ နှင့် လက်ထောက်နည်းပြ ဟူလ်ရှော့ဖ်တို့ လည်း အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့သည့် ကနဦးအစီရင်ခံစာတွင် ဆလော့အနေဖြင့် စော်ကားပြောဆိုခြင်း သို့မဟုတ် ရိုင်းစိုင်းသောစကား အသုံးပြုခြင်းကြောင့် နှစ်ပွဲပယ်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း တစ်နာရီခန့်အကြာမှာပင် ပြန်လည်ဖျက်ပစ်ခဲ့သည်။ ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနကမူ ဆလော့နှင့် ဟူလ်ရှော့ဖ်မှာ ဒူကူရေနှင့် ကာတစ်ဂျုံးစ်တို့ကဲ့သို့ အလိုအလျောက်ပွဲပယ်ခံရမည်မဟုတ်ဘဲ ယနေ့ကစားမည့် ဝုလ်ဗ်အသင်းနှင့်ပွဲတွင် ကွင်းအတွင်း တာဝန်ယူခွင့်ရဖွယ်ရှိသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) သည် အိုလီဗာ၏ ပွဲပြီးအစီရင်ခံစာကို စောင့်ဆိုင်းနေပြီး အဆိုပါအစီရင်ခံစာတွင် ရေးသားထားသည့် မှတ်ချက်အပေါ်မူတည်၍ တနင်္လာနေ့ ညပိုင်းမှသာ ဆုံးဖြတ်ချက်ချဖွယ်ရှိကြောင်း သိရသည်။ ဆလော့အနေဖြင့် ယခုရာသီတွင် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံထားပြီးဖြစ်သောကြောင့် နှစ်ပွဲမှ သုံးပွဲပယ်အထိ ထပ်တိုးကျခံရနိုင်ကြောင်း The Guardian က သုံးသပ်ဖော်ပြထားသည်။ ထို့ပြင် အဲဗာတန်နှင့် လီဗာပူးလ်အသင်း တို့မှာလည်း မိမိကစားသမားများကို ထိန်းချုပ်နိုင်ခြင်းမရှိသဖြင့် စွဲချက်တင်ခံရဖွယ်ရှိနေသည်။

တာကောစကီး ချေပဂိုးသွင်းယူပြီးနောက် အဲဗာတန်ပရိသတ်အချို့ ကွင်းအတွင်း ပြေးဝင်လာခဲ့သလို နှစ်ဖက်အသင်း ရန်ပွဲဖြစ်ပွားနေစဉ် လီဗာပူးလ်အသင်းပရိသတ်များရှိသည့် အဝေးကွင်းပွဲကြည့်စင်ပေါ်မှ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ခြင်းအတွက်လည်း စွဲ ချက်တင်ခံရဖွယ်ရှိသည်။ ပြိုင်ဘက်ပရိသတ်များရှေ့တွင် လှောင်ပြောင်၍ အောင်ပွဲခံခဲ့သူ ဒူကူရေမှာ လူမှုမီဒီယာ Instagram တွင် လူမျိုးရေးခွဲခြားမှုများ ရင်ဆိုင်နေရသဖြင့် အဲဗာတန်နှင့် လီဗာပူးလ်အသင်းတို့က ယင်းလုပ်ရပ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group