
တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာအနေဖြင့် ရှစ်ပတ်ခန့် ထပ်မံအနားယူရနိုင်ပြီး တိုက်စစ်ကစားသမား ဟာဗက်ဇ်၏ တံကောက်ကြောဒဏ်ရာကိုလည်း ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း သိရသည်။
ဆာကာ (၂၃ နှစ်) သည် ဒီဇင်ဘာလ အတွင်း ပဲလေ့စ်အသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး လကုန်ပိုင်းတွင် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရသည်။ ၎င်းအနေဖြင့် ၁၀ ပတ်မှ ၁၂ ပတ်အထိ အနားယူရနိုင်ပြီး မတ်လကုန်ပိုင်းတွင် ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
ဆာကာသည် ဒဏ်ရာအား ပြန်လည်ထိခိုက်မိခြင်းမရှိသလို ယခုအခါ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး အသင်းနှင့်ပူးပေါင်းကာ အပေါ့စား လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ သို့သော် ဗြိတိန်အခြေစိုက် The Sun သတင်းဌာနက ဆာကာအနေဖြင့် ရှစ်ပတ်ခန့် ထပ်မံအနားယူရနိုင်ကြောင်းနှင့် ဧပြီလလယ်ပိုင်းမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒူဘိုင်းလေ့ကျင့်ရေးခရီးစဉ်တွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သည့် ဟာဗက်ဇ် (၂၅ နှစ်) မှာလည်း လာမည့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း အာဆင်နယ် အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။ ဟာဗက်ဇ်အနေဖြင့် ယင်းဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မည်ဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်စေခဲ့သလို အထောင်တိုက်စစ်နေရာတွင် ကစားနိုင်သူ တစ်ဦးမျှမရှိတော့ကြောင်း သိရသည်။