
လီဗာပူးလ်နှင့် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဘင်နီတက်ဇ်က လီဗာပူူးလ်နောက်ခံကစားသမား အာနိုးလ်အား စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ ကစားရန် တိုက်တွန်းပြောကြားခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ်သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ လီဗာပူးလ်အသင်းသည် အသင်းငယ်မွေးခြံပေါက်ကစားသမားဖြစ်သူ အာနိုးလ်အား စာချုပ်သစ် ချုပ်ဆိုရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ သဘောတူညီမှုမရသေး ကြောင်း သိရှိရသည်။
ရီးယဲလ်မက်ဒရစ်အ သင်းသည် အာနိုးလ်အား ခေါ်ယူရန် ကာလရှည်စိတ်ဝင်စားနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ၎င်းအား ခေါ်ယူရန် ကမ်းလှမ်းမှုပင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း လပိုင်းသာ ကျန်ရှိတော့သည့် အာနိုးလ်အား ေခေါ်ယူရန် ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
သို့သော် လီဗာပူးလ်အသင်းသည် အသင်းနောက်ခံကစားသမား အာနိုးလ်အတွက် ရီးယဲလ်မက်ဒရစ်အသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ၎င်းအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရသည်။ လီဗာပူးလ်အသင်းအနေဖြင့် လက်ရှိအချိန်ထိ အာနိုးလ် နှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိသေးသော်လည်း ၎င်းအား အသင်းတွင် ဆက်ထိန်းနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။ ယခုအခါ စပိန်လူမျိုးဝါရင့်နည်းပြ ဘင်နီတက်ဇ် က တိုက်စစ်အားသန်သည့် အာနိုးလ်အနေဖြင့် တိုက်စစ်ဖွင့်ကစားသည့် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကစားသင့်ကြောင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ဘင်နီတက်ဇ်က "တိုက်စစ်အားသန်တဲ့ ခံစစ်ကစားသမားတစ်ယောက်အနေနဲ့ တိုက်စစ်ဖွင့်ကစားတဲ့ အသင်းမှာဆိုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။ ရီးယဲလ်မက်ဒရစ် အသင်းက တိုက်စစ်ဖွင့်ကစားတဲ့ အသင်းဖြစ်ပြီး အာနိုးလ်ရဲ့ ကစားပုံနဲ့ ကိုက်ညီမယ့် အသင်း ဖြစ်ပါတယ်။ အာနိုးလ်အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာဆိုရင် အခုထက် ဂိုးဖန်တီးမှုတွေ ပိုပြီးတော့ လုပ်နိုင်မှာပါ။ လီဗာပူးလ်မှာလည်း သူ လုပ်ပြနေတာတွေက တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်မှာဆိုရင် အာနိုးလ်အနေနဲ့ နှစ်ပေါင်းများစွာထိပ်တန်းပုံစံနဲ့ ကစားနိုင်မှာဖြစ်ပြီး အခုထက် ပိုကောင်းလာပါလိမ့်မယ်။ လီဗာပူးလ်ပရိသတ်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် လီဗာပူးလ်အသင်းမှာ သူ ဆက်ရှိနေတာ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အာနိုးလ်က လီဗာပူးလ်ကို ပိုထူးခြား အောင် လုပ်ပေးနိုင်လို့ပါ။ ဒါပေမဲ့ သူအနေနဲ့ ရီးယဲလ်မက်ဒရစ်ကို သွားခဲ့မယ်ဆိုရင် သူ့ အတွက်ရော ရီးယဲလ်မက်ဒရစ်အတွက်ပါ ပိုကောင်းပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။