Eleven Media Group

ရူဘင်အာမိုရင်မ်နှင့် အိပ်မက်များ၊ ရည်မှန်းချက်များ အကြောင်း (၃)

Photo: Getty Images

အသင်းက တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲလာချိန်မှာ မထင်မှတ်တဲ့ ပြဿနာကြီး တစ်ခုပေါ်လာခဲ့တယ်။ တကယ်တော့ အဲဒီအချိန်တုန်းက ရူဘင်အာမိုရင်မ်ဆီမှာ ပရော်ဖက်ရှင်နယ်နည်းပြတစ်ဦးဖြစ်လာဖို့အတွက် လုံလောက်တဲ့ အထောက်အထား၊ အချက်အလက်၊ အပြည့် အစုံမရှိသေးဘူး။ ဒါကြောင့် ကာဆာပီယာအသင်းရဲ့ နည်းပြအဖြစ် တရားဝင် တာဝန်ထမ်းဆောင်ခွင့်ကို တားဆီးခံလာရတယ်။ ပေါ်တူဂီနိုင်ငံလုံးဆိုင်ရာ မန်နေဂျာများ အစည်းအရုံးက ဒီကိစ္စကို လိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီဆီကို အကြောင်းကြားစာ လှမ်းပို့တယ်။ နည်းပြနေရာကနေ သူ ကြီးကြပ်ခဲ့တဲ့ ပွဲတွေလည်း ရှိခဲ့တဲ့အတွက် ၂၀၁၈-၁၉ ရာသီ အလယ်ကြီးမှာ ကာဆာပီယာအသင်းဟာ ၆ မှတ် လျှော့ပြစ်ဒဏ်ကျခံခဲ့ရသလို၊ အာမိုရင်မ်ကလည်း နည်းပြလောကထဲကိုဝင်ဖို့ ၁ နှစ်ပိတ်ပင်ခံခဲ့ရတယ်။ အာမိုရင်မ်ရဲ့နည်းပြဘဝ အနာဂတ်အတွက် ခြိမ်းခြောက်မှုကြီးတစ်ခုက ရှိနေပြီ။ သူ့ရဲ့မိတ်ဆွေတွေအားလုံးက အပိတ်ခံရတဲ့ တစ်နှစ်ဆိုတာ သူ့ကို ပိုကောင်းဖို့ ဖြစ်လာစေတာပဲလို့ အားပေးကြတယ်။ ပြီးတော့ အပိတ်ခံရတဲ့ တစ်နှစ်အတွင်းမှာ နည်းပြအရည်အသွေးကို မြှင့်တင်ဖို့ တိုက်တွန်းကြတယ်။ ဒါပေမဲ့ အာမိုရင်မ်က လက်မခံဘူး။ နိုင်ငံတကာအားကစားခုံရုံးအထိ တက်ပြီး အယူခံဝင်ခဲ့တယ်။ ပြီးတော့ သူ့ အယူခံက အောင်မြင်ခဲ့တယ်။ သူ့ကို တားမြစ်ထားတဲ့ ပြစ်ဒဏ်က ရပ်ဆိုင်းခံလိုက်ရတယ်။ ဒါပေမဲ့ အံ့သြစရာဖြစ်ခဲ့တာက နည်းပြအဖြစ် ဆက်လုပ်ခွင့်ရလာချိန်မှာ သူက ရာထူးကနေနုတ်ထွက်ခဲ့တယ်။

မန်ယူနိုက်တက်ကို လူးဝစ်ဗန်ဟားလ်ရောက်လာတယ်။ ဗန်ဟားလ်လည်း မလွယ်ကူခဲ့ပါဘူး။ ဒတ်ချ်ဝါရင့် နည်းပြကြီးဟာ FA ဖလားကို ယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူကိုင်တွယ်ခဲ့တဲ့ ၂ ရာသီမှာ မန်ယူနိုက်တက်အသင်းဟာ အဆင့် ၄၊ အဆင့် ၅ တွေနဲ့ ရာသီ သိမ်းခဲ့ပြီး ဂျိုဆေးမော်ရင်ညို ရောက်လာခဲ့ပါတယ်။ ဂျိုဆေးက မန်ယူနိုက်တက်အသင်းကို လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ယူပေးခဲ့တယ်။ ကလပ်အသင်းကို အဆင့် ၂ နေရာမှာ ရာသီသိမ်းအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ မော်ရင်ညို မန်ယူနိုက် တက်အသင်းကို ကိုင်တွယ်နေတုန်းမှာပဲ ကလပ်အသင်းကို အထူးဧည့်သည်တစ်ဦးရောက်လာခဲ့ပါတယ်။ အာမိုရင်မ်ပါ။

အာမိုရင်မ်က ဘရာဂါနဲ့ အယ်လ်ဝါရာအသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီးနောက် ၂၀၁၆-၁၇ မှာ မိခင်ကလပ် ဘင်ဖီကာအသင်းဆီကို ပြန်ရောက်လာပါတယ်။ အဲဒီရာသီမှာ ပြိုင်ပွဲစုံ ၃၇ ပွဲတောင် ကစားခဲ့ပြီး ဘင်ဖီကာနဲ့အတူ ပြည်တွင်း ဖလား ၃ လုံးအောင်မြင်မှုကို ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ကစားသမားဘဝကနေ အသက် ၃၂ နှစ်အရွယ် မှာ အနားယူခဲ့ပြီး၊ အဲဒီနောက်မှာ နည်းပြလောကထဲဝင်ဖို့အတွက် ကြိုးစားပါတော့တယ်။ သူက နည်းပြလောကမှာ စာတမ်းပြုစုဖို့အတွက် အိုးလ်ထရက်ဖို့ဒ်မှာ ဂျိုဆေးမော်ရင်ညိုရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို လာရောက်လေ့လာခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာပဲ တစ်ပတ်ကြာနေထိုင်သွားခဲ့ပါတယ်။ မနက် ၈ နာရီခွဲမှာ ကာရင်တန်လေ့ကျင့်ရေးကွင်းကိုရောက်လာတယ်။ လေ့ကျင့်ခန်းအစီအစဉ်တစ်ခုလုံးကို စောင့်ကြည့်တယ်၊ လေ့လာတယ်။ မော်ရင်ညိုနဲ့ ကစားသမားတွေကြားက နည်းဗျူဟာပိုင်း ဆွေးနွေးမှုတွေကို လေ့လာတယ်။ ပြင်းပြင်းထန်ထန် အလုပ်လုပ်တယ်။ ပြီးရင် ဂျို ဆေးမော်ရင်ညိုကို သူသိချင်တာတွေကို မေးတယ်။ အဲဒီ အချိန်မှာကတည်းက မော်ရင်ညိုက အာမိုရင်မ်က အနာဂတ်မှာ နောက်ထပ် ပေါ်တူဂီလူမျိုးနည်းပြကောင်းတစ်ဦးဖြစ်လာလိမ့်မယ်လို့ ချီးကျူးခဲ့ဖူးပါတယ်။ အာမိုရင်မ်က အဲဒီ လေ့လာရေး၊ သင်ကြားရေး ခရီးစဉ်အတွင်းမှာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ယူနိုက်တက်-အာဆင်နယ်ပွဲကို ကြည့်ခဲ့တယ်။

အဲဒီပွဲက အာစင်ဝင်းဂါးရဲ့ နောက်ဆုံး အိုးလ်ထရက်ဖို့ဒ်ပွဲလည်းဖြစ်ပြီး နောက်ပိုင်းမှာ အသင်းနဲ့ လမ်းခွဲသွားခဲ့တယ်။ အဲဒီပွဲမှာ မန်ယူနိုက်တက်က အနိုင်ရခဲ့တယ်။ အာမိုရင်မ်လည်း မန်ယူနိုက်တက်ရဲ့ ကျေနပ်စရာ နိုင်ပွဲတစ်ပွဲကို ကြည့်ရှုခဲ့ရင်း အိုးလ်ထရက်ဖို့ဒ်ပရိသတ်တွေကို ကွင်းအတွင်းမှာ အံ့သြမင်တက်ခဲ့ရတယ်။ နောက်ပိုင်းမှာ သူ ပေါ်တူဂီကို ပြန်သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ အာမိုရင်မ်က ပေါ်တူဂီ တတိယတန်းကလပ် ကာဆာပီယာ အသင်းနည်းပြ ရာထူးကနေ နည်းပြလောကထဲကိုစတင်ဝင်ရောက်လာခဲ့ပါတယ်။ အဖွင့်တော့ မလှခဲ့ဘူး။ တတိယတန်းကလပ်အသင်းရဲ့ ရာသီ အဖွင့်ပွဲစဉ် ၂ပွဲကို ရှုံးပွဲတွေနဲ့ စတင်ခဲ့ရတယ်။ "ကျွန်တော် အရမ်းပြင်းထန်တဲ့ မော်တော်ဆိုင်ကယ် မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့တယ်။ ကျွန်တော် ဆေးရုံမှာ ကိုမာ ဝင်သွားတာ ၃ ရက်ကြာတယ်။ ဒါပေမဲ့ မှော်ဆန်ဆန်ပဲ ကျွန်တော် သတိပြန်လည်လာခဲ့တယ်"လို့ အာမိုရင်မ်ရဲ့ မိတ်ဆွေဖြစ်တဲ့ ဆီမော်က ပြောပြတယ်။ ပြီးတော့ "ကျွန်တော် ရူဘင်ဆီကို ဖုန်းဆက်ပြီးတော့ ဒီတိုင်းပြည်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ၊ နောက်ခံအတွင်းလူ၊ ကွင်းလယ်လူ၊ တိုက်စစ်မှူး ဘယ်နေရာပဲလိုလို အဲဒါကျွန်တော်ပဲလို့ ပြောလိုက်တယ်။ သူက ငါပထမဆုံး ပြောချင်တာက မိတ်ဆွေကဏ္ဍနဲ့ အလုပ်နဲ့ လာမရောနဲ့၊ မင်းက လွန်ခဲ့တဲ့ ၄ လကမှာ ဆေးရုံမှာ ကိုမာဖြစ်ခဲ့တဲ့လူ၊ ပြီးတော့ လက်ရှိ မင်းအသက်က ၃၃ နှစ်၊ ငါ့အသင်းအတွက် သိပ်မကြာသေးခင်ကပဲ အသက် ၃၀ ကျော်ကစားသမား ၂ ဦးခေါ်ပြီးပြီ။ ဘယ်လိုအကြောင်းမျိုးနဲ့မှ ငါ့အသင်းမှာ အသက်ကြီးကစားသမား အများကြီးမလိုဘူး" လို့ ပြောတယ်။

"ကျွန်တော် သူပြောတာကို နားလည်ပါတယ်။ ပြီးတော့ မင်းရဲ့နည်းပြအလုပ်မှာ အောင်မြင်မှုတွေအများကြီး ရပါစေလို့ ဆုတောင်းပေးပါတယ်လို့ ပြောလိုက်တယ်။ တကယ်တော့ တတိယတန်း ကလပ်အသင်းတစ်သင်းအတွက် ကျွန်တော်က လိုအပ်တာထက်ပိုနေတဲ့ ကစားသမားပါ။ သူ ကျွန်တော့်ကို ခေါ်မယ်ပဲ ထင်ခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်။ ဒါပေမဲ့ တစ်ပတ်လောက်ကြာတော့ သူကျွန်တော့်ကို ဖုန်းပြန်ဆက်တယ်။ ကျွန်တော့် အခြေအနေ တိုးတက်လာသလားလို့ မေးတယ်။ ကာဆာပီယာအသင်းကို လာချင်သေးလားလို့ မေးတယ်။ ကျွန်တော်လည်း လက်ခံလိုက်တယ်။ သူက အစပိုင်းမှာအသင်းကို ၄ ယောက်တန်းခံစစ် ပုံစံနဲ့ ကစားခဲ့တယ်။ အဖွင့် ၂ ပွဲမှာ ကျွန်တော်တို့ ရှုံးခဲ့ပြီး တတိယအပတ်မှာတော့ ငါ အပြောင်းအလဲ လုပ်တော့မယ်။ ဒီတစ်ပတ်ကစပြီး ငါတို့ ခံစစ်ကို ၃ ယောက်တန်းပုံစံနဲ့ စကစားတော့မယ်" လို့ ပြောတယ်။

"ကျွန်တော်က ဘယ်အစွန်နောက်ခံလူဖြစ် ပြီး သူက ကျွန်တော့်ကို နောက်ခံအတွင်းလူနေရာ မှာ ကစားရမယ်လို့ ပြောတယ်။ ကျွန်တော်လည်း မင်းရူးနေပြီလား။ ဒါ ငါကစားဖူးတဲ့ နေရာမှ မဟုတ်တာလို့ ပြောလိုက်တယ်။ သူက သူ့ကို ယုံကြည်ဖို့နဲ့ ကျွန်တော့်အတွေ့အကြုံနဲ့ဆိုရင် အဆင်ပြေသွားမယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ သူက ခံစစ်ပိုင်းတစ်ခုတည်းကို မရပ်မနားအလုပ်လုပ်တယ်။ ပြင်ဆင်တယ်။ ထပ်ခါထပ်ခါ လေ့ကျင့်တယ်။ သူက တစ်ခါတလေမှာ ဟာသလို့ မြင်ရတဲ့ အရာတွေဟာ နောင်တချိန်မှာ မှော်ဆန်တာတွေဖြစ်လာတတ်တယ်လို့ ပြောတယ်။ ကျွန်တော့်အနေနဲ့ ဒီအချိန်မှာ ဒါကို မလုပ်နိုင်ရင်သူက ကျွန်တော့်ကို အသင်းကထုတ်တော့မယ်ဆိုတာကိုလည်း သိနေတယ်။ ကျွန်တော် ဆက်ကြိုးစားဖြစ်ခဲ့တဲ့ တစ်ခုတည်းသောအကြောင်းပြချက်က ကျန်အသင်းဖော်တွေအားလုံးက ကျွန်တော့် ကစားသမားဘဝအတွက် အခွင့်အရေးနောက်တစ်ခါ ရသင့်တယ်လို့ ယုံကြည်ကြတဲ့အကြောင်းပြောလို့ပါ။ ကျွန်တော် နောက်ဆုံးမှာ အံဝင်ခွင်ကျ ကစားနိုင်ခဲ့တယ်။ တကယ်တော့ ရူဘင်က အရမ်းပြီးပြည့်စုံ စေချင်တဲ့စိတ်ရှိတဲ့ လူတစ်ဦးဗျ။ သူက ဘယ်အဆင့်မှာမဆို ဘယ်ကစားသမားမှ အကြောက်တရားနဲ့ မရေမရာစိတ်နဲ့ ကစားတာကို မလိုချင်ဘူး။ သံသယရှိသူတွေအတွက် အဝတ်လဲခန်းထဲမှာ နေရာမရှိဘူး။ သူက ဘယ်လိုစိတ်ဓာတ်လှုံ့ဆော်ရမလဲဆိုတာကို သိတယ်။ ကစားသမားတွေရဲ့စိတ်ကိုသိတယ်။ ရေသာခိုချင်တဲ့ သူတွေ၊ ဟန်ဆောင်နေတဲ့သူတွေကို သိတယ်။ သူက ကစားသမားတွေနဲ့ အနီးကပ်ဆုံးမှာ ရှိနေရေးကို အရမ်း သတိထားတယ်။ အဆင်မပြေတာတွေကို သိချင်တယ်၊ လိုအပ်တာတွေကို ကူညီချင်တယ်။ ဘာမှ မပြောပဲ မကြိုးစားတဲ့သူမျိုးတွေကို မုန်းတယ်"လို့လည်း ဆီမော်က ပြန်ပြောပြခဲ့တယ်။

အသင်းက တဖြည်းဖြည်းနဲ့ တိုးတက်ပြောင်းလဲလာချိန်မှာ မထင်မှတ်တဲ့ ပြဿနာကြီး တစ်ခုပေါ်လာခဲ့တယ်။ တကယ်တော့ အဲဒီအချိန်တုန်းက ရူဘင်အာမိုရင်မ်ဆီမှာ ပရော်ဖက်ရှင်နယ်နည်းပြတစ်ဦးဖြစ်လာဖို့အတွက် လုံလောက်တဲ့ အထောက်အထား၊ အချက်အလက်၊ အပြည့် အစုံမရှိသေးဘူး။ ဒါကြောင့် ကာဆာပီယာအသင်းရဲ့ နည်းပြအဖြစ် တရားဝင် တာဝန်ထမ်းဆောင်ခွင့်ကို တားဆီးခံလာရတယ်။ ပေါ်တူဂီနိုင်ငံလုံးဆိုင်ရာ မန်နေဂျာများ အစည်းအရုံးက ဒီကိစ္စကို လိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီဆီကို အကြောင်းကြားစာ လှမ်းပို့တယ်။ နည်းပြနေရာကနေ သူ ကြီးကြပ်ခဲ့တဲ့ ပွဲတွေလည်း ရှိခဲ့တဲ့အတွက် ၂၀၁၈-၁၉ ရာသီ အလယ်ကြီးမှာ ကာဆာပီယာအသင်းဟာ ၆ မှတ် လျှော့ပြစ်ဒဏ်ကျခံခဲ့ရသလို၊ အာမိုရင်မ်ကလည်း နည်းပြလောကထဲကိုဝင်ဖို့ ၁ နှစ်ပိတ်ပင်ခံခဲ့ရတယ်။ အာမိုရင်မ်ရဲ့နည်းပြဘဝ အနာဂတ်အတွက် ခြိမ်းခြောက်မှုကြီးတစ်ခုက ရှိနေပြီ။

သူ့ရဲ့မိတ်ဆွေတွေအားလုံးက အပိတ်ခံရတဲ့ တစ်နှစ်ဆိုတာ သူ့ကို ပိုကောင်းဖို့ ဖြစ်လာစေတာပဲလို့ အားပေးကြတယ်။ ပြီးတော့ အပိတ်ခံရတဲ့ တစ်နှစ်အတွင်းမှာ နည်းပြအရည်အသွေးကို မြှင့်တင်ဖို့ တိုက်တွန်းကြတယ်။ ဒါပေမဲ့ အာမိုရင်မ်က လက်မခံဘူး။ နိုင်ငံတကာအားကစားခုံရုံးအထိ တက်ပြီး အယူခံဝင်ခဲ့တယ်။ ပြီးတော့ သူ့ အယူခံက အောင်မြင်ခဲ့တယ်။ သူ့ကို တားမြစ်ထားတဲ့ ပြစ်ဒဏ်က ရပ်ဆိုင်းခံလိုက်ရတယ်။ ဒါပေမဲ့ အံ့သြစရာဖြစ်ခဲ့တာက နည်းပြအဖြစ် ဆက်လုပ်ခွင့်ရလာချိန်မှာ သူက ရာထူးကနေနုတ်ထွက်ခဲ့တယ်။ ဆီမော်က အဲဒီအချိန်က ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး "ကာဆာပီယာအသင်းသားတွေကို နှုတ်ဆက်စကားပြောချိန်မှာ သူမျက်ရည်ဝဲနေခဲ့ တယ်။ သူက အသင်းသားတွေနဲ့ အရမ်းခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ပြီးချိန်ရောက်မှ၊ ကစားသမားတွေကလည်း သူ့အတွက် အရာရာပေးဆပ်ကစားလိုစိတ် ပြည့်ဝလာတဲ့အချိန်ရောက်မှ သူက အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်"လို့ ပြန်ပြောပြတယ်။

ဆက်လက်ဖော်ပြပါမည်

မူရင်းသတင်း — Eleven Media Group