
မန်ယူအသင်းနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်သည် ဒူးအရွတ် (ACL) ဒဏ်ရာကို လန်ဒန်မြို့၌ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် ခံစစ်အတွင်းလူ မာတီနက်ဇ် သည် ဖေဖော်ဝါရီ ၂ ရက်က ပဲလေ့စ်အသင်း နှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝဲဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဒူးအရွတ် (ACL) ထိခိုက်မိခြင်း ဖြစ်ပြီး လန်ဒန်မြို့၌ ခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ကနဦးရလဒ်များအရ ခွဲစိတ်မှုမှာ အောင်မြင်ပြီး ၎င်းအနေဖြင့် ခြောက်လမှ တစ်နှစ်ခန့် အနားယူရနိုင်ကြောင်း ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက ခန့်မှန်းဖော်ပြခဲ့သည်။ ပြန်လည်ထူထောင်ရေးကာလတွင် ကောင်းမွန်စွာတုံ့ပြန်နိုင်ပါက လာမည့် ၂၀၂၄-၂၀၂၅ ရာသီအစတွင် ပြန်လည်ကစားနိုင်ရန် အခွင့်အရေးရှိကြောင်းလည်း ခန့်မှန်းထားသည်။
မာတီနက်ဇ်သည် မန်ယူအသင်း၏ အားထားရသည့် ကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲ ၂၀ အပါအဝင် ပြိုင်ပွဲစုံ၌ ၃၂ ပွဲကစား၊ နှစ်ဂိုးသွင်းယူပေးထားသည်။ သို့သော် ၎င်းအနေဖြင့် ၂၀၂၂ ခုနှစ် နွေရာသီတွင် အေဂျက်စ်အသင်း မှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ခြေချင်းဝတ်၊ ခြေထောက်၊ ဒူး၊ ခြေသလုံး ဒဏ်ရာများကြောင့် မကြာခဏ အနားယူနေရသည်။
Transfermarkt ဝက်ဘ်ဆိုက်၏ မှတ်တမ်းများအရ မာတီနက်ဇ်အနေဖြင့် မန်ယူ အသင်းသို့ ပြောင်းရွှေ့လာပြီးနောက် ဒဏ်ရာများကြောင့် အနားယူရသည့်ကာလမှာ စုစုပေါင်း ရက် ၂၈၀ အထိရှိကြောင်း သိရသည်။ မာတီနက်ဇ်သည် ၂၀၂၃-၂၀၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲထွက်အဖြစ် ရှစ်ပွဲ၊ လူ စားဝင်အဖြစ် သုံးပွဲသာ ကစားခွင့်ရခဲ့သည်။