Eleven Media Group

ယမားလ်အတွက် စျေးနှုန်းသတ်မှတ်ထားခြင်းမရှိဘဲ ပတ်ဒရီ၊ ဂါဗီတို့ကဲ့သို့ နှစ်ပေါင်းများစွာရှိနေမည်ဟု ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကို ပြောကြား

Photo: Sportskeeda

ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုက စပိန်လူငယ်ကြယ်ပွင့်ကစားသမား ယမားလ်အတွက် စျေးနှုန်းသတ်မှတ်ထားခြင်းမရှိဘဲ ၎င်းမှာ ပတ်ဒရီ၊ ဂါဗီတို့ကဲ့သို့ နှစ်ပေါင်းများစွာရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၁၇ နှစ်သာရှိသေးသူ ယမားလ်သည် ကမ္ဘာ့ဘောလုံးလောက၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ၂၀၂၄ ခုနှစ်အတွက် Kopa Trophy နှင့် Golden Boy ဆု ဆွတ်ခူးရရှိထားသည်။

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်းနှင့် ချန်ပီယံဆုရရှိပြီးနောက် PSG အသင်းက ယမားလ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၅၀ ဖြင့် ကမ်းလှမ်းသော်လည်း လက်မခံဘဲ ပယ်ချခဲ့ကြောင်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက အောက်တိုဘာလအတွင်း ပြောကြားခဲ့ဖူးသည်။

TV3 ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် ယမားလ်၏အနာဂတ်အကြောင်း မေးမြန်းမှုအပေါ် ဒေကိုက "အသင်းမှာ အဓိက ကစားသမားတွေရှိပါတယ်။ သူ (ယမားလ်) ကလည်း တစ်ဦးအပါအဝင်ပါ။ သူ့အတွက် ဆွေးနွေးမှုမရှိသလို စျေးနှုန်းသတ်မှတ်ထား တာလည်း မရှိပါဘူး။ ကမ်းလှမ်းမှုလည်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အဲဒီအကြောင်း မပြောချင်လို့ပါ။ သူက ပတ်ဒရီနဲ့ ဂါဗီတို့လိုပဲ ဘာကာမှာ နှစ်တွေအများ ကြီးရှိနေမှာ သေချာပါတယ်။ သူတို့အားလုံး ဒီနေရာမှာပဲ ရှိနေမှာပါ။ အသင်းအနေနဲ့ အိမ်စာလုပ်ရပါမယ်။ သူက ဒီမှာ နှစ်တွေ အများကြီးရှိနေမှာပါ။ ယမားလ်က ထူးခြားတဲ့သူတွေထဲက တစ်ယောက်ပါ။ သူ့ဆီမှာ အရည်အချင်းတွေတင်မဟုတ်ဘဲ မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေလည်း ရှိပါတယ်" ဟု ဖြေကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ကွင်းလယ်ကြယ်ပွင့်ကစားသမားများဖြစ်သည့် ဂါဗီ (၂၀ နှစ်) နှင့် ပတ်ဒရီ (၂၂ နှစ်) တို့ကို ၂၀၃၀ ပြည့် နှစ်အထိ ကာလရှည်စာချုပ် ချုပ်ဆိုထားသည်။ သို့သော် အသက်မပြည့်သေးသူများအတွက် ချမှတ်ထားသည့် စပိန်ဥပဒေအရ ယမားလ်ကို ၂၀၂၆ ခုနှစ်အထိသာ စာချုပ်ချုပ်ဆိုခွင့် ရထားသည်။

ကစားသမားကိုယ်တိုင်က ဘာစီလိုနာအသင်းမှာ မိမိအတွက် ဘဝတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသဖြင့် စာချုပ်သစ် ချုပ်ဆိုနိုင်ရန် မျှော်လင့်ထားပြီး ၎င်းအသက် ၁၈ နှစ်ပြည့်မည့် ယခုနှစ် ဇူလိုင် ၁၃ ရက်တွင် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်း တိုးဖွယ်ရှိနေသည်။

မူရင်းသတင်း — Eleven Media Group