Myanmar Transparency News

မင်းလှမြို့နယ်က လက်နက်မဲ့ ခွက်မအုပ်စုအုပ်ချုပ်ရေးမှူးကို သာယာဝတီ PDF သတ်ဖြတ်ပြီး ဖုန်းနဲ့ဆိုင်ကယ်လုယက်

၁၆. ၂. ၂၀၂၅
Written by Nay Moe

မင်းလှမြို့နယ်က လက်နက်မဲ့ ခွက်မအုပ်စုအုပ်ချုပ်ရေးမှူးကို သာယာဝတီက PDF သတ်ဖြတ်ပြီး ဖုန်းနဲ့ဆိုင်ကယ်လုယက်လာခဲ့တယ်လို့ ကျူးလွန်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ဝန်ခံထားပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဇရစ်မျှောင်ကျေးရွာနေ ခွက်မအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းထွေးကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ PDF တွေက နေအိမ်မှာတင် သေနတ်ကျည် ၂ ချက်နဲ့ပစ်သတ်လိုက်ကြပြီး မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ် တုံး ၂ ခုနဲ့ ထောက်ခံစာစာရွက်တွေလုယက်ခဲ့ကြတာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး ဦးသန်းထွေးဟာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးလူစုတာ၊ စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူတွေဆီက ငွေကြေးအတင်းအကြပ် ကောက်ခံနေပြီး ကောက်ခံငွေမပေးသူတွေကို စစ်တပ်ခေါ် ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်တာ၊ သစ်ဝါးတိုက်သူတွေဆီက ဆက်ကြေးကောက်ခံတာ စတဲ့ ပြည်သူတွေဆီက ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေတာကြောင့် သတ်ဖြတ်လိုက်တာလို့ ကျူးလွန်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂က ဆင်ခြေပေးပေမဲ့ ဒီစွပ်စွဲချက်တွေ မှန် မမှန် MT News က အတည်မပြုနိုင်ပါဘူး။

မူရင်းသတင်း — Myanmar Transparency News