Eleven Media Group

မန်ယူအသင်းရှိ ဝန်ထမ်းများ လျှော့ချခံရခြင်းအတွက် မိမိတို့တွင် တာဝန်ရှိကြောင်း မန်ယူအသင်းနည်းပြ အာမိုရင်မ် ဝန်ခံ

Photo: Man Utd

မန်ယူအသင်းနည်းပြ အာမိုရင်မ်က ဝန်ထမ်းများ လျှော့ချခံရခြင်းအတွက် မိမိတို့တွင် တာဝန်ရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်ယူအသင်း၏ လုပ်ငန်းလည်ပတ်မှုများကို ပူးတွဲရှယ်ယာရှင်ဖြစ်သူ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ် လွှဲပြောင်းတာဝန်ယူပြီးနောက်ပိုင်း ဝန်ထမ်း ၂၅၀ ကို ကနဦး လျှော့ချခဲ့သည်။ ထို့ပြင် အသုံးစရိတ်လျှော့ချနိုင်ရန်အတွက် ဝန်ထမ်း ၂၀၀ ထပ်မံလျှော့ချရန် စီစဉ်ထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

သို့ဖြစ်ရာ စပါးအသင်းနှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာကျဆင်းမှုက အသင်းအပေါ် သက်ရောက်မှုရှိနိုင်သလားဟု မေးမြန်းမှုအပေါ် အာမိုရင်မ်က ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ဒါက ကျွန်တော်တို့အတွက် တကယ်အရေးကြီးတယ်လို့ထင်တယ်။ ပထမအသင်း၊ နည်းပြတွေ၊ ကစားသမားတွေအနေနဲ့ ဒါကို လျစ်လျူရှုထားလို့ မရပါဘူး။ လူတွေက သူတို့ ရဲ့အလုပ်တွေ ဆုံးရှုံးနေကြတယ်။ အဲဒါကို ကျွန်တော်တို့ သိထားရမှာဖြစ်ပြီး အကြီးမားဆုံးပြဿနာကတော့ ဘောလုံးပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငွေတွေသုံးစွဲကြတယ်။ အောင်မြင်မှုမရဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်မရဘူး။ အဲဒါကြောင့် ဝင်ငွေက မတူတော့ပါဘူး။ အရင်တုန်းက ကျွန်တော်တို့ ငွေတွေ အများကြီးသုံးခဲ့တယ်။ အခုတော့ ဘဏ္ဍာရေးကို ဂရုစိုက်ရမှာပါ။ ကျွန်တော်တို့လိုချင်တဲ့ ပုံစံအတိုင်း အသင်းကို ပြန်တည်ဆောက်လို့ မရပါဘူး။ လူတွေက သူတို့ရဲ့အလုပ်တွေ ဆုံးရှုံးနေကြတယ်။ အဲဒါအတွက် ပထမအသင်းမှာ တာဝန်ရှိတယ်လို့ ကျွန်တော်ပြောချင်ပါတယ်"ဟု အာမိုရင်မ်က ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group