
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အိုဆာဆူနာနှင့်ပွဲတွင် ဘယ်လင်ဂမ်ကို ထုတ်ပယ်ခဲ့သည့် ဒိုင်လူကြီးအနေဖြင့် ဘာသာပြန်လွဲမှားမှုကြောင့် အမှားပြုလုပ်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ရက်က ယှဉ်ပြိုင်ကစားသည့် လာလီဂါပွဲစဉ်တွင် အိုဆာဆူနာနှင့် ရီးယဲလ်အသင်း (၁-၁) ဂိုးစီ သရေကျခဲ့ပြီး ကွင်းလယ်လူ ဘယ်လင်ဂမ်မှာ ဒိုင်လူကြီးကို စော်ကားပြောဆိုသည်ဟုဆိုကာ ပထမပိုင်း ၃၉ မိနစ်မှာပင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် ရီးယဲလ်အသင်း တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။ ရီးယဲလ်အသင်းက (၀-၁) ဂိုးဖြင့် ဦးဆောင်ကစားနေစဉ် ဘယ်လင်ဂမ်က ဒိုင်လူကြီး မွန်နယ်ရာကို "ငါက မင်းကို လေးလေးစားစားနဲ့ ပြောနေတာပါ။ Fuck off " ဟု ပြောကြားခဲ့သောကြောင့် အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။
ဘယ်လင်ဂမ် ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်၍ ပွဲအပြီးတွင် အန်ဆယ်လော့တီက "သူ (ဒိုင်လူကြီး) က အင်္ဂလိပ်လို သေချာနားမလည်ဘူးလို့ ကျွန်တော်ထင်တယ်။ Fuck off လို့ ပြောတာပါ။ Fuck you မဟုတ်ပါဘူး။ သူအမှားလုပ်ခဲ့တာပါ။ အဲဒါက စပိန်လို "ငါ့ကို မကစားနဲ့" လို့ ဖြစ်မှာပါ။ ဒါက စော်ကားတာလို့ ကျွန်တော်မထင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဒိုင်လူကြီးနဲ့ပဲပြောချင်တယ်။ ဘယ်လင်ဂမ်နဲ့ ပြောစရာမရှိပါဘူး။ သူ (ဘယ်လင်ဂမ်) က ဆုံးဖြတ်ချက်ကို စောဒကတက်တာပါ။ "ဒါက ပြစ်ဒဏ်ဘောဆိုရင် ပယ်နယ်တီဖြစ်ရမယ်။ Fuck off " ဆိုပြီး ပြောခဲ့တာပါ။ ဒါက ဒိုင်လူကြီး စိတ်လှုပ်ရှားနေတယ်ဆိုတာ ပြတာပါပဲ။ ဘယ်လင်ဂမ်က ဒီနေ့မှာ ထုတ်ပယ်ခံရဖို့ ဘာမှမလုပ်ခဲ့ပါဘူး။ သူက ဘာသာပြန်လွဲမှားမှုကြောင့် အမှားလုပ်ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။
ဘယ်လင်ဂမ်ကလည်း "သူအမှားလုပ်ခဲ့တယ်ဆိုတာ ရှင်းပါတယ်။ ဒါက ဆက်သွယ်ပြောဆိုမှု လွဲချော်ခြင်းပါပဲ။ ဒီဖြစ်ရပ်ကို ကျွန်တော်ကောင်းကောင်းမှတ်မိပါတယ်။ ဗီဒီယိုကိုလည်း ကျွန်တော်ကြည့်ထားတယ်။ ဗီဒီယိုက သူ့ရဲ့အစီရင်ခံစာနဲ့ တူမှာမဟုတ်ဘူး။ ပြောခဲ့တာတွေကို အများကြီး အသေးစိတ် ကျွန်တော်မပြောချင်တော့ဘူး။ ဒါပေမဲ့ အဲဒါက Joder (Fuck နှင့်တူညီ) လို အသုံးအနှုန်းပါပဲ။ ဗီဒီယိုကို ပြန်စစ်ဆေးရင် အစီရင်ခံစာနဲ့ မတူဘူးဆိုတာတွေ့ရမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဲဒါက ကြီးမားတဲ့သက်သေဖြစ်လို့ ဆုံးဖြတ်ချက်ချတဲ့အခါ ဒါကိုထည့် သွင်းစဉ်းစားနိုင်ပါတယ်။ ဒီပွဲရဲ့ရလဒ်ကို ကျွန်တော်တို့ ပြောင်းလဲလို့မရပါဘူး။ ဒါပေမဲ့ ရှေ့ဆက်ပြီး အပြောင်းအလဲတွေဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ဆိုသည်။
စပိန်အခြေစိုက် AS သတင်းဌာနကမူ ဘယ်လင်ဂမ်အနေဖြင့် အမြင့်ဆုံး ၁၂ ပွဲပယ် ပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်ကြောင်း သုံးသပ်ဖော်ပြထားသည်။ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ၏ စည်းမျဉ်းအရ ဒိုင်လူကြီးအပါအဝင် တာဝန်ရှိသူများအား စော်ကားခြင်း ပြုလုပ်ပါက လေးပွဲမှ ၁၂ ပွဲအထိ ပွဲပယ်ခံရနိုင်ကြောင်း သိရသည်။